ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပပြုလုပ်သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာဆွေးနွေးပွဲများတွင် အဖွင့်အမှာစကားများပြောကြား

နေပြည်တော်၊ ၂၇.၉.၂၀၁၉

၂၀၁၉ ခုနှစ်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း သည် စက်တင်ဘာလ (၂၂) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ The University Center ၊ The New School ၌ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အနာဂတ်နေ့ရက်များ ရရှိရေးပုံဖော်တည် ဆောက်ခြင်း (Building a Resilient Future Day) ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်များကို ပြောကြားခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများ အပေါ် ခံနိုင်ရည်ရှိပြီး လိုက်လျောညီထွေနေထိုင်နိုင်ရေးအတွက် သိပ္ပံနည်းကျဆောင်ရွက်ရမည့် လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပါအဝင် အင်္ဂလန်နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဖီဂျီနိုင်ငံနှင့် ဘူတန်နိုင်ငံတို့မှ ဝန်ကြီးများတက်ရောက်၍ သဘောထားအမြင်များကို ပြောကြားခဲ့ပြီး အခမ်း အနားသို့ အစိုးရအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သိပ္ပံ အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံကိုယ်စား လှယ်များနှင့် လူငယ်များ စုစုပေါင်း ကိုယ်စားလှယ် (၄၀၀) ခန့် တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် နယူးယောက်မြို့၊ Bronx Zoo တိရစ္ဆာန်ဥယျာဉ်ရှိ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society – WCS) ရုံးချုပ်သို့ ရောက်ရှိရာ ဒုတိယဥက္ကဌ ဒေါက်တာ ပက်ထရစ်သောမတ်စ်နှင့် အာရှဒေသဆိုင်ရာတာဝန်ခံ ဒေါက်တာ အိုင်လီခန်ထံ တို့က ကြိုဆို နှုတ်ဆက်ပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု လုပ်ငန်းများတွင် ဒေသခံဌာနေတိုင်းရင်းသားများ ပူးပေါင်းပါဝင်ဆောင် ရွက်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိရစ္ဆာန်ဥယျာဉ်အတွင်း တောရိုင်းတိရစ္ဆာန်များ ပြသမှုနှင့် တိရစ္ဆာန်ဆေးကုရေးဌာနအား လေ့လာကြည့်ရှုခဲ့သည်။ WCS အဖွဲ့သည် မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေးလုပ်ငန်းများ၊ ဆင်နှင့်ရှားပါးသတ္တဝါများဖြစ်သည့် လိပ်၊ သင်းခွေချပ်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများအား သစ်တောဦးစီးဌာနနှင့် ၁၉၉၄ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် စက်တင်ဘာလ (၂၅) ရက်နေ့တွင် နယူး ယောက်မြို့  Central Park Zoo တွင် ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန် ဖြေရှင်းနိုင်ရန် သဘာဝသစ်တောများ၏ အခန်းကဏ္ဍကို အလေးထားအသိအမှတ်ပြုခြင်း Nature for Climate Coalition အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားကို သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ WCS ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ၊ Global Wildlife Conservation ၊ World Resource Institute နှင့် Rain Forest Foundation (​နော်ဝေ) တို့ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး သဘာဝ သစ်တောများ ထိန်းသိမ်းရေး၊ ဒေသခံဌာနေတိုင်းရင်းသားများအတွက် ရေရှည်တည်တံ့ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် သဘာဝ သစ်တောများ၏ အရေးပါပုံ အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ WCS အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာခရစ်စယန်စန်ပါ၊ နော်ဝေ၊ ကော့စတာရီကာ နှင့် ဂါဘွန်နိုင်ငံတို့မှ ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်းများနှင့် ဘရာဇီးနိုင်ငံမှ ဒေသခံဌာနေတိုင်းရင်းသားများ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ(၂၇)ရက်နေ့ညနေပိုင်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်းသတင်းရရှိသည်။