ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြေပေါ်မြေအောက်သယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အပေါ် လိုက်နာဆောင်ရွက်မှုကို စစ်ဆေးရန် ရှမ်းပြည်နယ်သို့သွားရောက်

နေပြည်တော်၊ ၁၇−၁၁−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်/ခရိုင်/ မြို့နယ်တာဝန်ခံများလိုက်ပါလျက် ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ သစ်တောဦးစီးဌာန၏ မင်းတိုင်ပင်သစ်တောလုပ်ငန်းလေ့ကျင့်သင်ကြားရေးစခန်း၊ ဒေသခံပြည်သူများက ထိန်းသိမ်းစောင့်ရှောက်ထားသည့် သဘာဝတောနှင့် စိုက်ခင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုတို့အား ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာအုပ်စု၊ ရေဦးဒေသတွင်တည်ရှိသည့် ဟာဘော်စတားသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၏ သတ္တုတူးဖော်ခြင်းလုပ်ငန်းအား ရောက်ရှိစစ်ဆေးသည်။ အဆိုပါကုမ္ပဏီသည် ခဲသတ္တုတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၁၉ ခုနှစ်၊ မေလတွင် စာချုပ်သက်တမ်း ကုန်ဆုံးသည့်အတွက် လုပ်ငန်းများခေတ္တရပ်နားထားကာ သက်တမ်းတိုးမြှင့်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်းလှည့်လည်စစ်ဆေး၍ ရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ရှိသူများ၏ တင်ပြချက်အပေါ်  ကုမ္ပဏီကဆောင်ရွက်လျက်ရှိသည့်ဧရိယာသည် သစ်တောသစ်ပင်ပေါက်ရောက်မှု ကောင်းမွန်သည့် နေရာဒေသဖြစ်သည့်အတွက် မြေအောက်လှိုင်ခေါင်းစနစ်ဖြင့် ထုတ်လုပ်သည့်နည်းလမ်းကို ဦးစားပေးဆောင်ရွက်ရန်၊  သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်သည့် နည်းလမ်းကိုရွေးချယ်ဆောင်ရွက်ရန်၊ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်း  (CSR) များကို ထိထိရောက်ရောက်အကျိုးရှိရှိဆောင်ရွက်ပေးရန်၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းသည် နှစ်ရှည်လုပ်ငန်းတစ်ခုဖြစ်သည့်အားလျော်စွာ ရေရှည်တွင်မိမိအကျိုး၊ အများအကျိုးမျှတစွာဖြင့် အကောင်းဆုံးဖြစ်အောင် ဘက်စုံဒေါင့်စုံမှ အမျှော်အမြင်ကြီးစွာဖြင့် စဉ်းစားချင့်ချိန်ဆ ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွာငံမြို့နယ်၊ မြင်းကဒိုးကျေးရွာအုပ်စုအတွင်းရှိ ရေပြာအိုင်အား ကြည့်ရှုစစ်ဆေး၍ ဒေသခံများနှင့်တွေ့ဆုံကာ မိမိတို့ဒေသတွင် တွေ့ရှိရသည့်ဆန်းပြားသည့် ဘူမိသွင်ပြင်နှင့် ထူးခြားမှုအပေါ်အခြေခံ၍ သဘာဝခရီးသွားလုပ်ငန်းတိုးတက်ပြီး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့်အတွက်  ဘူမိသွင်ပြင်ထူးခြားမှုကို အဘက်ဘက်မှဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်နှင့်  ရေပြာအိုင်ရေဝေရေလဲ ထိန်းသိမ်းရေးအတွက်လိုအပ်ချက်များအား ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ရွာငံမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာတွင်တည်ရှိသည့် မင်းတိုင်ပင်သစ်တောလုပ်ငန်းလေ့ကျင့်သင်ကြားရေးစခန်းအား ကြည့်ရှုစစ်ဆေး၍ အဆောက်အဦနှင့် အသုံးအဆောင်ပစ္စည်းများအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ ဌာနမြေနေရာများအား မြေပိုင်ဆိုင်မှု ခိုင်မာစေရေးဆောင်ရွက်ထားရှိရန်နှင့် ကျူးကျော်ဝင်ရောက်နေထိုင်မှု မရှိစေရေးအတွက် အလေးထားကြပ်မတ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြား၍ ပျိုးဥယျာဉ်အား ကြည့်ရှု့စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာငံမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာမှ ယကြီးကျေးရွာသို့ ဆက်လက်ထွက်ခွာ၍ ယကြီးကျေးရွာဒေသခံများက ထိန်းသိမ်းထားရှိသည့် သဘာဝတောနှင့် ကော်ဖီစိုက်ခင်းအား ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လိုအပ်သည်များဆွေးနွေးမှာကြားသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာငံမြို့မှ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာသို့  မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာ၍ အမှတ် (၁)သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသည့် GPS Joint Venture Co., Ltd. ၏ ခဲသတ္တုသန့်စင်စက်ရုံသို့ရောက်ရှိသည်။ အဆိုပါစက်ရုံကို ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ ခဲသတ္တုသန့်စင် မက်ထရစ်တန် နှစ်သောင်းခုနှစ်ထောင်ကျော်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ စက်ရုံရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု၊ ထုတ်လုပ်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုတင်ပြသည်။ တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာ၌ ဌာနကချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ခဲသတ္တုတူးဖော်ထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင်အဓိကထား၍ စီမံဆောင်ရွက်ရန်၊ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရာ၌ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိအောင် စီမံဆောင်ရွက်ရန်၊ မိမိတို့လုပ်ငန်းဆောင်ရွက်သည့် ဒေသနှင့် ဆက်စပ်သည့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုအကျိုးပြုလုပ်ငန်း (CSR) များကိုဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုမှအစ ကြီးမားသည့် ဘေးအန္တရာယ်များမဖြစ်ပေါ်စေရေးအတွက် ကြိုတင်စီမံချက်များရေးဆွဲ၍ တိတိကျကျလိုက်နာဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာမှ ဟဲဟိုးမြို့သို့ ဆက်လက်ထွက်ခွာ၍ ဝါးရုံပင်ကျေးရွာရှိ Myanmar Belle ကုမ္ပဏီ၏ ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အားကြည့်ရှုစစ်ဆေးသည်။ စက်ရုံအစည်းအဝေးခန်းမ၌ ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်တင်ရဝေအောင်က ယခင်ကဟင်းသီးဟင်းရွက်များကို ကြာရှည်ခံအောင်မစီမံနိုင်သည့်အတွက် ပုတ်သိုး၍ ဈေးကွက်သို့မရောက်ဘဲစွန့်ပစ်ရသည်ကို မြင်တွေ့ရသည်မှ မိမိတို့လုပ်ငန်းကို အစပြုဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းစတင်ချိန်တွင် မိမိတို့တင်ပို့သည့် ဟင်းသီးဟင်းရွက်များသည် မြေသြဇာနှင့် ဓာတုဆေးဝါး ဓါတ်ကြွင်းများ များပြားသည့်အတွက် ပြည်ပ‌ဈေးကွက်က လက်မခံ၍အခက်အခဲများစွာကြုံတွေ့ရကြောင်း၊ ယခုအခါ တောင်သူများအားစနစ်တကျပညာပေးကြီးကြပ် စိုက်ပျိုးဆောင်ရွက်မှုများကြောင့် တောင်သူများဝင်ငွေတိုး၍ လူမှုဘဝမြင့်မားလာသကဲ့သို့ မိမိတို့ ကုမ္ပဏီအနေဖြင့်လည်း ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ တစ်နှစ်လျှင် တန်ချိန် ၃၀၀ မှ ၄၀၀ အထိ တင်ပို့ဆောင်ရွက်နိုင်ပါကြောင်း၊ စာသုံးသူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့နိုင်ငံတွင် ဓာတုဓါတ်ကြွင်းပါဝင်မှု စစ်ဆေးနိုင်သည့် နိုင်ငံတကာအဆင့်မီဓါတ်ခွဲခန်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာစေလိုကြောင်း ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အစားအသောက်များတွင်ပါဝင်သည့် ဓာတုဓါတ်ကြွင်းများကြောင့် ကျန်းမာရေးထိခိုက်မှုများရှိကြောင်း၊ တောင်သူများကို ကျယ်ကျယ်ပြန့်ပြန့်ပညာပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေဆင်း၊ သစ်တောသုတေသနဌာန တွင်နိုင်ငံတကာအဆင့်မီ ရေဓါတ်ခွဲခန်းတည်ဆောက်နိုင်ခဲ့ပြီး၊ ပြည်သူများသောက်သုံးရေ သန့်ရှင်းမှုရှိစေရေးအတွက် ဓါတ်ခွဲဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မီ ဓါတ်ခွဲခန်းများ စားသုံသူများ၏ လက်တစ်ကမ်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိမှသာ အမျိုးသားကျန်းမာရေးကဏ္ဍကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ စွန့်ပစ်ရေများကို Recycle ပြုလုပ်၍ ပြန်လည်အသုံးပြု ခြင်းဖြင့် ရေချွေတာရာရောက်သကဲ့သို့ ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း လျော့နည်းသက်သာစေနိုင်ပါကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီရင်ခံစာနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ရွှေလဖုန်းကျေးရွာရှိ Red Mountain ဝိုင်စက်ရုံသို့ရောက်ရှိကာ စပျစ်ဝိုင်ထုတ်လုပ်မှု၊ ထုတ်ပိုးသိုလှောင်မှုတို့ကို စစ်ဆေးကြည့်ရှုကာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုမ္ပဏီက ရှင်းလင်းတင်ပြသည့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အလိုက် လိုအပ်ချက်များအား ဆွေးနွေးမှာကြားပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တောင်ကြီးမြို့၊ မြန်မာ့သစ်လုပ်ငန်းသို့ရောက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ လွိုင်လင်သစ်ထုတ်ရေးဒေသ သစ်ထုတ်လုပ်မည့်လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်၍ မန်နေဂျာ ဦးနိုင်မျိုးဦးကလည်းကောင်း၊ တောင်ကြီး သစ်ထုတ်ရေးဒေသ သစ်ထုတ်လုပ်မည့် လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်၍ လက်ထောက်အထွေထွေမန်နေဂျာ ဦးသောင်းလင်းကလည်းကောင်း ရှင်းလင်းတင်ပြသည်။   တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းရာသီ၌ တောတွင်းကျန် ဖမ်းဆီးသစ်များ သယ်ယူနိုင်ရေးအတွက် တင်ပြဆောင်ရွက်ရန်၊ သစ်ဆိပ်များတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်ရန်၊ တောလုပ်ငန်းများဆောင်ရွက်ရာ၌ ဝန်ထမ်းများ၏ အသက် အန္တရာယ်လုံခြုံမှုရှိစေရေး အမြဲသတိပြုဆောင်ရွက်ရန်၊ ဌာနပိုင်မြေများ ပိုင်ဆိုင်မှုအထောက် အထားခိုင်မာမှုရှိ စေရေးဆောင်ရွက်ထားရှိရန်နှင့် ကျူးကျော်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ထိခိုက်အန္တရာယ်မရှိစေရေး၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်နှင့် ဌာနအကြီးအကဲများအနေဖြင့် ဝန်ထမ်းများအား အမြဲထိတွေ့ဆောင်ရွက်ရန်နှင့် လစဉ်ဒါဘာအစည်းအဝေး ကျင်းပရန်တို့ကို ဆွေးနွေးမှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဤဌာနသည် လုပ်ငန်းနယ်ပယ်ကျယ်ဝန်းသည့်အတွက် ဝန်ထမ်းတစ်ဦးစီက မိမိတာဝန်ဆောင်ရွက်သည့် ပညာရပ်နယ်ပယ်တွင် ကျွမ်းကျင်မှုရှိစေရေးအတွက် အမြဲမပြတ်လေ့လာဆည်းပူးကြရန်၊ လုပ်ငန်းများအား မြန်မြန်ဆန်ဆန်ပြီး မြောက်စေရေးအတွက် အလေးထားဆောင်ရွက်ရန်၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေပြောင်းလဲသလို အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာများသည်လည်း ခေတ်နှင့်အညီ ပြောင်းလဲနေသည့်အတွက် အမြဲထိတွေ့လေ့လာဆောင်ရွက်ရန်၊ ဝန်ထမ်းများကိုယ်ကျင့်တရား ကောင်းမွန်စေရန်တို့ကို မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ မော်တော်ယာဉ်ဖြင့်ထွက်ခွာ၍ ကလောမြို့နယ်၊ ရှမ်းရိုးမဆင်စခန်းသို့ရောက်ရှိသည်။ ဆင်စခန်းတာဝန်ခံက ဆင်စခန်း ပြုပြင်မွမ်းမံဆောင်ရွက်မှု၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြေသားပြိုကျမှု ထပ်မံမဖြစ်ပေါ်စေရေးအတွက် မြေထိန်းနံရံဆောင်ရွက်ရန်၊ ဆင်ထားရှိရန်အတွက် အဆောင်ထပ်မံတိုးချဲ့ဆောင်ရွက်ရန်၊ ချောင်းကူးတံတားထပ်မံ တည်ဆောက်ရန် လိုအပ်ချက်တွက်ချက်တင်ပြရန်၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် လာရောက်လေ့လာ လည်ပတ်သည့် ဧည့်သည်များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ ဆင်စခန်းဝန်းကျင် သန့်ရှင်းသပ်ယပ်သာယာလှပရေးနှင့် ရေအိမ်များ သန့်ရှင်းမှုရှိစေရေးအထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်၊ က‌လောမြို့နယ်မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာ၍ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ လှိုင်းတက်ကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်း သစ်ဆိပ်သို့ ရောက်ရှိသည်။ သစ်ဆိပ်တာဝန်ခံက လွိုင်လင်သစ်ထုတ်ရေးဒေသကထွက်ရှိလာသည့် ကျွန်းနှင်သစ်မာများအား သယ်ယူစုပုံမှုနှင့် လပ်ပုံထိုင်ဆောင်ရွက်ထားရှိမှုအခြေအနေကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းရာသီတွင် သစ်သယ်ယူခြင်း၊ လပ်ပုံထိုင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်၊ သစ်ထုတ်လုပ်သည့်ဒေသမှ ဈေးကွက်သို့ တိုက်ရိုက်သယ်ပို့၍ လပ်ပုံထိုင်ရောင်းချနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ သစ်ဆိပ်အတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေးကို အထူးအလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သာစည်မြို့နယ်၊ ရူပါတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀) အတွင်းစိုက်ပျိုးထားရှိသည့် ၂၀၁၉ ခုနှစ်၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလကို ဖြတ်ကျော်နိုင်ရေးအတွက် စိုက်ခင်းအတွင်းရေရရှိရေး ကြိုတင်ပြင်ဆင်ထားရန်၊ စိုက်ခင်းမှတ်တမ်းများအား စနစ်တကျရေးသွင်းထားရှိရန်၊ စိုက်ခင်းမီး ကာကွယ်ခြင်းလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ်မှ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာ၍ နေပြည်တော်သို့ ၁၇−၁၁−၂၀၁၉ ရက်နေ့၊ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိပါသည်။