သီရိလင်္ကာနိုင်ငံသို့ ကျွန်းမျိုးစေ့ပေးအပ်လှူဒါန်းသည့် အခမ်အနားကျင်းပခြင်း

နေပြည်တော်၊ ၁၂-၁၂-၂၀၁၉

မြန်မာ−သီရိလင်္ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သီရိလင်္ကာနိုင်ငံတွင် သီးနှံ-သစ်တောရောနှောစိုက်ပျိုးခြင်းကို အထောက်အကူဖြစ်စေရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ    ရဲမြင့်ဆွေ က မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H. E. Mr. E. M.M. Nandimithra Ekanayake ထံသို့ ကျွန်းမျိုးစေ့ (၁၅၀၀၀) စေ့အားပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ ၁၂-၁၂-၂၀၁၉ ရက်နေ့၊ (၁၅:၀၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ​​​ဒေါက်တာညီညီကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝကျွန်းသစ်မျိုး အကောင်းဆုံးပေါက်ရောက်ရာ မူရင်းဒေသဖြစ်ပြီး ယခုလှူဒါန်းသည့် ကျွန်းမျိုးစေ့များသည် နေပြည်တော်ကောင်စီနယ်မြေ၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ်(၂၅)ရှိ မျိုးရိုးဗီဇအားဖြင့် မြှင့်တင်ထားသော ကျွန်းမျိုးသန့် ဥယျာဉ်တစ်ခုမှ စုဆောင်းထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။