ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား Worldview International Foundation (WIF) မှ အထွေထွေအတွင်းရေးမှူးချုပ် Dr. Arne Fjortoft ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လာရောက် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၀-၂-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Worldview International Foundation (WIF) မှ အထွေထွေအတွင်းရေးမှူးချုပ်  Dr. Arne Fjortoft ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၀-၂-၂၀၂၀ ရက်နေ့၊ (၁၀:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒီရေတောစိုက်ပျိုးတည်ထောင်ခြင်း၏ အကျိုးရလဒ်များ၊ ကာဗွန်သိုလှောင်ထိန်းသိမ်းထားနိုင်မှု၊ သစ်တောမီးကာကွယ်နိုင်မှုနှင့် မုန်တိုင်းဒဏ်ကာကွယ်နိုင်သည့် အခြေအနေများ၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရေခဲပြင်များအရည်ပျော်ခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် ဒီရေတောများ၏ အခန်းကဏ္ဍများ၊ သစ်တောဦးစီးဌာနနှင့် WIF တို့ပူးပေါင်း၍ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ဒီရေတောထိန်းသိမ်းမှုအခြေအနေများ၊ ဒီရေတောစိုက်ပျိုးတည်ထောင်သည့်နည်းစနစ်များ၊ စိုက်ပျိုးဧရိယာများ၊ ဒေသခံများ၏ လူမှုဘဝတိုးတက်ရေးဆောင်ရွက်ချက်များ၊ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေနိုင်မှုများ၊ မွန်ပြည်နယ်အတွင်း ဒီရေတောပြန်လည်စိုက်ပျိုးတည်ထောင်နိုင်မှုများ၊ ပင်လယ်မြက်ထိန်းသိမ်းရေးလုပ်ငန်းများ အပါအဝင် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။