ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောလုပ်ငန်းများနှင့် သစ်လုပ်ငန်းဆင်စခန်း ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ၂၇−၆−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးဘေး ဖိုးဇောင်းတောင်ကြိုးဝိုင်းအတွင်း သစ်တောလုပ်ငန်းများ၊ နေပြည်တော် -ကံပြားလမ်း ငလိုက်ကြိုးဝိုင်းအတွင်း ဆောင်ရွက်ထားသော သစ်တောလုပ်ငန်းများနှင့် မြန်မာ့သစ်လုပ်ငန်း၊ ငလိုက်ဆင်စခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးဘေး ဖိုးဇောင်းတောင်ကြိုးဝိုင်းတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးမည့် စိုက်ခင်းမြေနေရာ ပြုပြင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး သည်။ ထိုသို့စစ်ဆေးရာတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက ရေတိုက်စားနိုင်သည့် နေရာများတွင် ဗာတီဗာမြက်များ ကြိုတင်စိုက်ပျိုးထားရှိမှု၊ ဝါးမျိုးများ ကြိုတင်စိုက်ပျိုးထားရှိ မှုကို စစ်ဆေးခဲ့သည်။ ဗာတီဗာမြက်များအား ထပ်မံစိုက်ပျိုး ရန်နှင့် စိုက်ပျိုးရန်အတွက် ပြင်ဆင်ထားသည့် သစ်မျိုးများ အား အသင့်ပြင်ဆင်ထားရန်မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်-တပ်ကုန်း အမှတ်(၁) လမ်းမကြီးဘေးရှိ ၂၀၁၆ ခုနှစ် မိုးရာသီ၊ ၂၀၁၇ ခုနှစ် မိုးရာသီ၊ ၂၀၁၈ ခုနှစ် မိုးရာသီ၊ ၂၀၁၉ ခုနှစ် မိုးရာသီတို့တွင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားရှိခဲ့သော စိုက်ခင်းရှင်သန်အောင်မြင်မှုများနှင့် စိုက်ခင်းအတွင်း ဝါးမျိုးစိတ်များ ဖြည့်စွက်စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်-ကံပြားလမ်း ငလိုက်ကြိုးဝိုင်းအတွင်းရှိ ၂၀၁၈ ခုနှစ် စီးပွားရေးကျွန်းစိုက်ခင်း ဧက ၁၅၀ နှင့် ၂၀၁၉ ခုနှစ် စီးပွားရေးကျွန်းစိုက်ခင်း ဧက ၁၅၀ တို့တွင် ပေါင်းသင်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် စိုက်ခင်း အတွင်း Pot Tube ဖြင့် စိုက်ပျိုးထားသော ကျွန်းပျိုးပင်များ စမ်းသပ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။ Pot Tube ဖြင့် စမ်းသပ်စိုက်ပျိုးထားသော ကျွန်းပင်များ၏ ကြီးထွားမှုကို မှတ်တမ်းပြုစုထားရန်၊ နယ်နိမိတ် စနစ်တကျ သတ်မှတ်ထားရန်နှင့် ပေါင်းသင်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ပင်ပူး/ ပင်ခွများ စနစ်တကျ ကိုင်းချိုင်ရန် မှာကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ကူညီပံ့ပိုးငွေဖြင့် တည်ထောင်သည့် ၂၀၁၉ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းဧက ၁၀၀ တွင် အပင်များ ရှင်သန်အောင်မြင်နေမှုနှင့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းဧက ၁၀၀ တွင် စိုက်ပျိုးပြီးစီးမှုအား စစ်ဆေးသည်။ စိုက်ခင်းရှင်းလင်းဆောင်တွင် သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန ညွှန်ကြားရေးမှူးက ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအတွင်း စိုက်ပျိုးထားသည့် ပျိုးပင်များ ရာနှုန်းပြည့် ရှင်သန်စေရေးအတွက် သေပင်များအား ပျိုးပင်ကြီးများဖြင့် ပြန်လည်ဖာထေးရန်၊ စာရင်းဇယားများအား စနစ်တကျပြုစုထားရန်၊ လုပ်ငန်းသုံးရန်ပုံငွေ သုံးစွဲမှုများအား မှတ်တမ်းပြုစုထားရန်၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ရုံးအသုံးအဆောင်ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၊ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းရှိ တောတွင်းဖြတ်လျှောက်လမ်းဆောက်လုပ်ရန်ကိစ္စနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမည့် အခြေအနေအား လှည့်လည်စစ်ဆေးခဲ့ရာ မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက တောတွင်းဖြတ်လျှောက်လမ်း၊ ကမ်းခြေလျှောက်လမ်း၊ ရေပေါ်ဗောတံတားနှင့် တောတွင်းဖြတ်လျှောက်လမ်းအတွင်း ပါဝင်သည့် ကြိုးတံတား၊ မြောင်ကျော်တံတား အမှတ်(၁)၊ (၂)တို့ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ငလိုက်ဆင်စခန်းအတွင်းရှိ ဆင်များအား ဆင်စာကျွေးခြင်းနှင့် အမှတ်တရ သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။ သတင်းစဉ်