ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa အား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ၂၄-၇-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa အား ယနေ့ ၂၄--၂၀၂၀ ရက်နေ့ (၁၀:၃၀) နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်း၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကိုရီးယားနိုင်ငံအခြေစိုက် အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Asian Forest Cooperation Organization – AFoCO) မှ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လေ့လာသူအဖြစ်လျှောက်ထားရန် အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံမှ ထောက်ခံမှုပေးမည့်အစီအစဉ်များ၊ မှော်ဘီမြို့၌ ဖွင့်လှစ်ထားသည့် AFoCO ဒေသတွင်း လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (Regional Education Training Centre–RETC)  ၏ သင်တန်းအစီအစဉ်များအရ ဒေသတွင်းနိုင်ငံများမှ သင်တန်းသားများ သင်တန်းတက်ရောက်နိုင်မှု အခြေအနေများ၊ အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေး သဘောတူညီချက်အရ တည်ထောင်မည့် အာဆီယံ-ကိုရီးယား ရုက္ခဗေဒဥယျာဉ်ကို AFoCO-RETC ကျောင်းဝန်းအတွင်း တည်ထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ၊ နှစ်နိုင်ငံကြား နှစ်စဉ်ကျင်းပလျက်ရှိသည့် ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးများကို virtual ပုံစံဖြင့် ဆက်လက်ကျင်းပမည့် အစီအစဉ်များ၊ ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်ခဲ့သည့် မဲခေါင်-ဟန်မြစ် ကြေညာချက်အရ မြန်မာနိုင်ငံ၌ မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ တည်ထောင်နိုင်ရေးအတွက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ နှစ်နိုင်ငံအကြား ပူးပေါင်းအကောင်အထည်ဖော်မည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုများနှင့် လက်မှတ်ရေးထိုးရန် အစီအစဉ်များ၊ ကိုရီးယားနိုင်ငံ လျှပ်စစ်စွမ်းအား ကော်ပိုရေးရှင်း (Korea Electric Power Corp- KEPCO) မှ Clean Development Mechanism (CDM) လျှောက်ထား ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက် ဒီရေတောများ တိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေအနေနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ စွမ်းအားမြှင့် မီးဖိုထုတ်လုပ်ဖြန့်ဝေသည့် လုပ်ငန်းများနှင့် တိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်များ၊ မန္တလေးမြို့တွင်ဆောင်ရွက်မည့် Landfill စနစ်ဖြင့် အမှိုက်စွန့်ပစ်ခြင်းမှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့် စီမံကိန်းအား ညစ်ညမ်းမှုမဖြစ်စေရေး ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကိုရီးယားသစ်တောဌာန (Korea Forest Service–KFS) မှ COVID-19 ဆိုင်ရာ ကာကွယ်ရေးပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလှူဒါန်းနိုင်ရန် စီစဉ်ထားမှုများ၊ သတ္တုကဏ္ဍ၌ Korea Institute of Geoscience and Mineral Resource (KIGMR) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။