ပြည်ထောင်စုဝန်ကြီးဉီးခင်မောင်ရီ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ဉတ္တရသီရိမြို့နယ်ရှိ မိုးစွေသစ်တောသုတေသနစခန်း အမှတ်(၅) နှင့် သစ်တောသုတေသနစမ်းသပ်ကွက်များသို့ သွားရောက်စစ်ဆေး

နေပြည်တော်၊ ၇-၂-၂၀၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် သစ်တောဦးစီးဌာနမှ  တာဝန်ရှိသူများလိုက်ပါလျက် (၇-၂-၂၀၂၁)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်- တောင်တွင်းကြီးလမ်း၊ ဥတ္တသီရိမြို့နယ်ရှိ သစ်တောသုတေသန စခန်းအမှတ်(၅)၊ မိုးစွေစခန်းသို့ သွားရောက်၍ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးစွေသစ်တောသု‌တေသနစခန်းသို့ ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်တွင် သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူးက သစ်တောသုတေ သနဌာနမှ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ မြန်မာ နိုင်ငံတွင် ယခုအခါ သုတေသနစခန်း (၁၀)ခု ဖွင့်လှစ်ထားရှိပြီး စခန်း(၈)ခုတွင် မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်း(MRRP)ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ စခန်းများအနေဖြင့် ဒေသတွင်းပေါက်ရောက်သည့် သစ်မျိုးစုံ မျိုးစေ့များ အား စုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစွေစခန်းတွင် မြန်မာနိုင်ငံတွင် ကျွန်းအဓိကပေါက်ရောက်သည့်ဒေသ(၈)ခုမှ ကျွန်းမျိုးရိုးဗီဇ(၈) မျိုးအား ဧက(၄၀) စမ်းသပ်တည်ထောင်ထားရှိပါကြောင်း၊ မြန်မာနိုင်ငံအနှံ့အပြားရှိ ကျွန်းမျိုးသန့် မိခင်ပင် (Plus Tree)မှ မျိုးရိုးဗီဇများကို ခန္ဓာပိုင်မျိုးပွားဥယျာဉ် (Hedge Garden) တည်ထောင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများကိုလည်း လုပ်ငန်းဆောင်ရွက်မှု အနည်းအများကိုလိုက်၍ စခန်း(၁၀)ခုတွင် တာဝန်ချထားဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ သစ်တောသုတေသနစခန်းများတွင် ဝန်ထမ်းများ တာဝန်ချထား ခြင်းနှင့်ပတ်သက်၍ ဝန်ထမ်းအင်အားလိုအပ်မှုရှိပါက တင်ပြတောင်းခံသွားရန်လိုကြောင်း၊ ကျွန်းအဓိကပေါက်ရောက်သည့်  ဒေသ(၈)ခုမှ ကျွန်းမျိုးရိုးဗီဇ(၈) မျိုးအား စမ်းသပ်တည်ထောင်ခြင်းနှင့်ပတ်သက်၍ ကျွန်းပင်ပေါက်ရောက်မှု ကောင်းမွန်သည့် မျိုးရိုးဗီဇများကို ပိုမိုကောင်းမွန် ပြုစုပျိုးထောင်သွားရန်လိုကြောင်း၊ ဌာနစိုက်ခင်းများနှင့် ပုဂ္ဂလိကစိုက်ခင်းများတွင် အဆိုပါ ရှင်သန်ကြီးထွားမှု ကောင်းမွန်သော မျိုးသန့်ပျိုးပင်များအား ဖြန့်ဝေစိုက်ပျိုးသွားရန်လိုကြောင်း၊ စိုက်ပျိုးမည့် ဒေသ၏ မြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေကိုလိုက်၍ မည်သည့်သစ်မျိုး စိုက်ပျိုးသင့်သည်ကို သုတေသနပြုလုပ်၍ အကြံပြုသွားရန်လိုအပ်ကြောင်း၊ စီးပွားရေးအရ အကျိုး အမြတ်ရှိမည့် သစ်မျိုးများကို ပုဂ္ဂလိကစိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေးအတွက် သုတေသနပြု လုပ်၍ တွေ့ရှိချက်ရလဒ်များကို ဖြန့်ဝေပေးသွားရန်လိုကြောင်း၊ သစ်တောသုတေသနဌာနမှ သစ်စေ့ထုတ်ဧရိယာများ တည်ထောင်ခြင်း၊ Plus Tree များ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ပိုမို အားထည့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ၎င်းအပြင် စိုက်ခင်းများတွင် ကျရောက်တတ်သည့် ရောဂါပိုးမွှားများနှင့်ပတ်သက်၍ သုတေသနပြုလုပ်၍ ကာကွယ်နှိမ်နင်းနိုင်သည့်နည်းလမ်းများကို ဌာနစိုက်ခင်းနှင့် ပုဂ္ဂလိကစိုက်ခင်းများသို့ ဖြန့်ပေးသွားရန်လိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တည်ထောင်သည့် စိုက်ခင်းများတွင် Pot tube ဖြင့် ပျိုးထောင်ထားသော ပျိုးပင်များထည့်သွင်း စိုက်ပျိုး၍ ၎င်းအပင်များ ကြီးထွားရှင်သန်မှုကို ပျိုးအိတ်ဖြင့် ပျိုးထောင်၍ တည်ထောင်သည့် စိုက်ခင်းအခြေအနေနှင့် နှိုင်းယှဉ်စမ်းသပ်သုတေသနအကွက်များပြုလုပ်၍ စနစ်တကျ မှတ်တမ်း တင်လေ့လာတင်ပြသွားရန်လိုကြောင်း၊

သုတေသနလုပ်ငန်းများကို မိမိအနေဖြင့်ပိုမိုအလေးထားအားပေးလိုပါကြောင်း၊ သုတေသန ရလဒ်များ အပေါ်မူတည်၍ ဌာနစိုက်ခင်းနှင့် ပုဂ္ဂလိကစိုက်ခင်းများ ရှင်သန်အောင်မြင်ရေးနှင့် အပင်များတွင် ကျရောက်တတ်သည့်  ပိုးမွှားရောဂါအန္တရာယ်ကာကွယ်နိုင်ရေးအတွက် ပိုမိုအကြံပြု ပေးနိုင်မည် ဖြစ်ပါကြောင်း၊ သုတေသနဌာနအတွက် လိုအပ်သည့် ဝန်ထမ်းအင်အားနှင့် ဘတ်ဂျက်များကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးစွေသုတေသနစခန်းတွင် တည်ထောင် ထားရှိသည့် ပျိုးဥယျာဉ်သို့သွားရောက်ကာ သစ်စေ့ပျိုးထောင်ခြင်း၊ ပျိုးပင်ကူးပြောင်းခြင်းနှင့် ပျိုးထောင်ထားရှိသည့် ပျိုးပင်ကြီးများအား လှည့်လည်စစ်ဆေးခြင်း၊ Pot tube ဖြင့် ပျိုးထောင် ထားသော ပျိုးပင်များအား စမ်းသပ်စိုက်ပျိုးခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် - တောင်တွင်းကြီး လမ်းဘေးတွင် ၂၀၀၈ ခုနှစ်က တည်ထောင်ထားရှိသည့် တစ်ရှူးနည်း ၊ အညွန့်ကိုင်းထိုးခြင်း၊ ပျိုးအိတ် ၊ လတ်ဆက်သည့်ကိုင်းထိုးနည်း နှင့် ကိုင်းကူးကိုင်းဆက်နည်း နည်း(၅)မျိုးဖြင့် စမ်းသပ် ပျိုးထောင်၍ block (၅)ခုခွဲကာ စိုက်ပျိုးထားသည့် planting stock  trail (၂.၂၈) ဧကအား လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်က တည်ထောင်ထားရှိသည့် ကျွန်းမျိုးသန့်ဥယျာဉ်(၂)ဧကအား လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်က တည်ထောင်ထားရှိသည့် ကျွန်းရောနှောစမ်းသပ်ကွက် (၁.၅) ဧကအားလည်းကောင်း၊ ၂၀၁၈ ခုနှစ်က တည်ထောင်ထားရှိသည့် ခန္ဓာပိုင်းမျိုးထုတ်ဥယျာဉ် (၂) ဧက အားလည်းကောင်း၊ ၁၉၈၈ ခုနှစ်က တည်ထောင်ထားရှိသည့် ကျွန်းအနက်စင်း စမ်းသပ် ကွက်(၆)ဧက၊ ၁၉၈၀ ခုနှစ်က တည်ထောင်ထားရှိသည့် ပိတောက်ကိုင်းချိုင်ခြင်း စမ်းသပ်ကွက် (၁၀)ဧကတို့အား လှည့်လည်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။