သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး / ပြည်နယ် တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Virtual Meeting ဖြင့် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်း

(၂၄-၂-၂၀၂၁၊ နေပြည်တော်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting ဖြင့် (၂၄-၂-၂၀၂၁) ၊ (၀၉:၃၀) နာရီတွင်နေပြည်တော်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအခါ နိုင်ငံတော်အနေဖြင့် သယံဇာတများ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းကဲ့သို့သော လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်ထုတ်လုပ်ခြင်းအပိုင်းတွင် တရားဝင်သစ်ထုတ်လုပ်ခြင်း ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်နှင့် တရားမဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ကာကွယ်တားဆီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (Myanmar Reforestation and Rehabilitation Programme – MRRP) ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ (၁၀)နှစ် စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သစ်တောဦးစီးဌာနမှ စိုက်ခင်း ၂၁၅၄၀ ဧက ၊အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၄၀၅၀ ဧက၊ မြန်မာ့သစ်လုပ်ငန်းမှ ၁၅၀ ဧက စုစုပေါင်း ၂၅၇၄၀ ဧကကို သစ်တောစိုက်ခင်းများ တည်ထောင်ရန် မြေနေရာရွေးချယ်ခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး စိုက်ခင်းတည်ထောင်ရန် လိုအပ်သော ပျိုးပင် ၂၆.၃၉ သန်း လျာထားရာတွင် ၈၄ရာခိုင်နှုန်း ပျိုးထောင်ပြီးဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာနှင့် လူထုဖြန့်ပျိုးပင် ၁၀.၇ သန်း လျာထားရာတွင် ၈၉ရာခိုင်နှုန်းပျိုးထောင်ပြီးစီးပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု၂၀၂၁ခုနှစ်မိုးရာသီအတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းစဉ်အတွက် အသင့်ဖြစ်နေသည့်အခြေအနေ တွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းနှင့် လုထုဖြန့်ပျိုးပင်များ ပြုစုပျိုးထောင်ဖြန့်ဝေခြင်း လုပ်ငန်းများကိုလည်း လျာထားချက်များအတိုင်း ပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့်ကျန်ရှိသည့် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင်ဆောင်ရွက်မည့် သစ်ပင်စိုက်ပျိုးခြင်းကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု ( Green Environment Campaign )ဖြင့် အင်အားအပြည့် စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်း‌ဒေသကြီး/ပြည်နယ် ခရိုင်၊မြို့နယ်အလိုက် သစ်တောပြုန်းတီးမှုဖြစ်စေခဲ့သည့် အကြောင်းအရင်းများကို ဖော်ထုတ်ပြီး ကာကွယ်တားဆီးနိုင်မည့်နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်တောသယံဇာတသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို စုပေါင်းဦးဆောင်မှုဖြင့် မိသားစုစိတ်ဓါတ် Team Work အားကောင်းကောင်းဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်တောထိန်းသိမ်းကာကွယ်ရာတွင် အလေးထားဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုမှာ တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးဖြစ်ပါကြောင်း၊ ဌာနအစီအစဉ်ဖြင့်ဖမ်းဆီးခြင်း၊ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် ( Community Monitoring and Reporting System- CMRS)ဖြင့် သတင်းရယူဖမ်းဆီးခြင်း၊ သစ်တောနယ်မြေအတွင်း တရားမဝင်သစ်ခိုးထုတ်နိုင်ရန် ဖောက်လုပ်ထားသည့် လမ်းကြောင်းများအား ဖျက်ဆီးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်သစ်တောဦးစီးဌာန တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြမှုအပေါ် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အခမ်းအနားသို့သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်သစ်တောဦးစီးဌာန တာဝန်ခံများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြပါသည်။