သစ်တောဦးစီးဌာန၏ တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများ လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ချက်များ

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် သစ်တောသယံဇာတများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောသယံဇာတများနှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ သစ်တောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ၊ သစ်တောဖုံးလွှမ်းလျက်ရှိသည့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများတွင် အဖိုးတန်သယံဇာတ သစ်တောသစ်ပင်များ တရားမဝင်ခိုးထုတ်ခြင်း မရှိစေရေးအတွက် ထိန်းသိမ်းကာကွယ်ဖမ်းဆီးခြင်းကို သက်ဆိုင်ရာဆက်စပ်ဌာနအဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများပူးပေါင်းပါဝင်ခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

၂။       တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ခြင်းသည် အောက်ဖော်ပြ ပါ အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်နိုင်သည်ဟု သုံးသပ်ရပါသည်-

          (က)    ပြည်သူများအသုံးပြုနိုင်ရန်အတွက် တရားဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများအား အလွယ်တကူ ဝယ်ယူရရှိမှုမရှိခြင်း၊

          ( ခ)    ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟုသုတနည်းပါးခြင်း၊

          ( ဂ)    တရားမဝင်သစ် ခိုးထုတ်လုပ်ကိုင်ခြင်းဖြင့် အရင်းအနှီးများစွာမလိုဘဲ အကျိုးအမြတ် များစွာရရှိခြင်း၊

          (ဃ)    တရားမဝင်သစ် ခိုးထုတ်လုပ်ကိုင်မှုများ၌ အကျင့်ပျက်ခြစားမှု၊ မသမာမှုများရှိနေခြင်း၊

          ( င)    လိုင်စင်မဲ့ ယာဉ်(မော်တော်ကား)/ ဆိုင်ကယ်/ ယန္တရားများနှင့် ချိန်းဆောများ အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းကြောင့် သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာခြင်း၊

          ( စ)    လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာမှုကြောင့် သစ်ခိုးထုတ်သယ်ယူရန် လွယ်ကူလာခြင်း၊

          (ဆ)    နယ်မြေအခြေအနေ(လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး)အရ ထိန်းချုပ်ရန်ခက်ခဲခြင်း။

၃။      သစ်တောဝန်ထမ်းများအနေဖြင့် တရားမဝင်သစ်နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရာတွင် အောက်ဖော်ပြပါ အခက်အခဲများနှင့် စိန်ခေါ်မှုများအား ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်-

         (က)    ​ဝန်ထမ်းအင်အားနည်းပါးခြင်း၊

         ( ခ)    ယာဉ်/ယန္တရားများနှင့် အထောက်အကူပစ္စည်းများ လိုအပ်ခြင်း၊

         ( ဂ)    လုံခြုံရေးကန့်သတ်ချက်ရှိသောဒေသများတွင် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်မှု အားနည်းခြင်း၊

         (ဃ)    တရားမဝင်လက်ကိုင်စက်လွှများ အလွယ်တကူဝယ်ယူရရှိနိုင်ခြင်း၊

         ( င)    လိုင်စင်မဲ့ ယာဉ်/ ဆိုင်ကယ်များဖြင့် တရားမဝင်သစ်များ ခိုးယူထုတ်လုပ်နေခြင်း ကြောင့် ယာဉ်များဖမ်းဆီးရမိပြီး တရားခံအား ရှာဖွေဖမ်းဆီးရန်ခဲယဉ်းခြင်း၊

         ( စ)    ​တရားမဝင်သစ်ခိုးယူထုတ်လုပ်သူများမှ တန်ပြန်တိုက်ခိုက်မှုများကြောင့် ဝန်ထမ်းများအနေဖြင့် အသက်အန္တရာယ်စိုးရိမ်ရခြင်း၊

         (ဆ)    လမ်းဧရိယာ၊ ဆည်/ရေလှောင်တမံဧရိယာများတွင် တရားမဝင် အခြေချနေထိုင်သူများပြားခြင်း။

၄။      သစ်တောဦးစီးဌာန ဝန်ထမ်းများအနေဖြင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအပြင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးခြင်းကိုလည်း ဌာန၏ အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် အောက်ဖော်ပြပါ နည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည် -

         (က)    သစ်တောဦးစီးဌာန၊ မြို့နယ်/ခရိုင်အစီအစဉ်ဖြင့် ပုံမှန်/ ရှောင်တခင် ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း။

         ( ခ)    တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လစဉ်စစ်ကြောင်းပုံစံဖြင့် တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း။

         ( ဂ)    သတင်းရရှိမှုအပေါ် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ကွင်းဆင်းစစ်ဆေး ဖမ်းဆီးခြင်း။

         (ဃ)    အဓိကမြစ်ကြောင်းများဖြစ်သော ချင်းတွင်းနှင့် ဧရာဝတီမြစ်ကြောင်း စိုးမိုးရေးစစ်ကြောင်းအသွင်ဖြင့် ရှာဖွေဖမ်းဆီးခြင်း၊ ပင်လယ်ထွက်ပေါက်များအား စီမံချက်ဖြင့် စောင့်ကြပ်ဖမ်းဆီးခြင်း။

         ( င)    ပွင့်လင်းရာသီနှင့် ရုံးပိတ်ရက်ရှည်များတွင် စီမံချက်ဖြင့်ဖမ်းဆီးခြင်း။

         ( စ)    တပ်မတော်/တပ်ရင်းတပ်ဖွဲ့များ၊ အခြားဆက်စပ်ဌာန အဖွဲ့အစည်းများနှင့်ပူးပေါင်းဖမ်းဆီးခြင်း။

         (ဆ)    တိုင်းဒေသကြီး/ ပြည်နယ်(၈)ခုရှိ ခရိုင် (၂၀)ခုတွင် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအကာအကွယ်ပေးမှုဖြင့် ဖမ်းဆီးခြင်း။

         ( ဇ)    ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS)ဖြင့် သတင်းရယူဖမ်းဆီးခြင်း။

         ( ဈ)    သစ်တောနယ်မြေအတွင်း တရားမဝင်သစ် ခိုးထုတ်နိုင်ရန် ဖောက်လုပ်ထားသည့် လမ်းကြောင်းများအား ဖျက်ဆီးဆောင်ရွက်ခြင်း။

၅။      သစ်တောဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလအထိ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များ၊ တရားခံများနှင့် ယာဉ်/ယန္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၆။      တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီးရာတွင် သစ်တောဝန်ထမ်းများ၏လုံခြုံမှုရှိစေရန်နှင့် သစ်နှင့်သစ်တောထွက်ပစ္စည်း ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၇)ခုရှိ ခရိုင်(၁၄)ခု တွင် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ၁-၉-၂၀၁၆ရက်နေ့မှစတင်ဖြန့်ခွဲထားရှိ၍ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် (၈)ခုရှိ ခရိုင်(၂၀)ခုတို့တွင်ထပ်မံတိုးချဲ့၍ တရားမဝင် သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းအား ဆောင်ရွက်ခဲ့ရာ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ပူးပေါင်းပါဝင်မှုဖြင့်  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ အောက်ပါအတိုင်း ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့ပါသည်-

၇။      သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရိုင်၊မြို့နယ်များတွင် တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုသတင်းများအား အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး Hot  Line ဖုန်းနံပါတ်များကို လူမှုကွန်ယက်စာမျက်နှာများ၊ မီဒီယာများ၊ နေ့စဉ်သတင်းစာများတွင် ကြေငြာခြင်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System)ဖြင့် ဖမ်းဆီးအရေးယူခြင်းကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ အောက်ပါအတိုင်း ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့ပါသည်-

၈။      သစ်တောဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဌာန၏ လုပ်ငန်းတာဝန်များထမ်းဆောင်စဉ် ရန်ပြုတိုက်ခိုက်ခံရခြင်းကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလအထိ ဖြစ်စဉ်ပေါင်း (၆၃)ကြိမ် ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ (၃)ဦး၊ ပျောက်ဆုံးသူ (၁)ဦး၊ ဖမ်းဆီးခံရသူ (၁)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၃၁)ဦးရှိခဲ့ပါသည်။

၉။      ဆက်လက်၍ သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများ လျော့နည်းပပျောက်စေရန်အတွက် သစ်တောနယ်မြေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း ခရိုင်/ မြို့နယ်/ ကျေးရွာချင်းဆက်လမ်းကြောင်းများမှအပ သစ်ခိုးထုတ်ရန်အလို့ငှာ ဖောက်လုပ်ထားသော မြေသားတစ်ကြောင်းထိုးလမ်းများကို လုံးဝအသုံးပြုနိုင်ခြင်း မရှိစေရန်နှင့် ပြန်လည်ပြုပြင်အသုံးပြုနိုင်ရေးခက်ခဲစေသည်အထိ လမ်းများကို ထိထိရောက်ရောက်ဖျက်ဆီးစေရန်နှင့် လမ်းဖောက်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်/ ယန္တရား/ ထွန်စက်များကို သစ်တောနယ်မြေအတွင်း လုံးဝဖြတ်သန်း ဝင်ရောက်ခွင့်မပြုစေရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၊ အောက်တိုဘာလမှ ဇန်နဝါရီလအထိ တရားမဝင်သစ် ခိုးထုတ်နိုင်ရန်ဖောက်လုပ်ထားသည့် လမ်းကြောင်း (၁၆၁)ခုတွင် နေရာ (၁၇၈)နေရာတို့အားဖျက်ဆီးနိုင်ခဲ့ပါသည်။

၁၀။    သို့ဖြစ်ပါ၍ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အလွန်အရေးပါသော သယံဇာတဖြစ်သည့် သစ်တောသစ်ပင်များ ရေရှည်တည်တံ့စွာ ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ယူခြင်းမရှိစေရေး တိုင်းရင်းသား ပြည်သူအားလုံးက အမျိုးသားရေး အသိစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

သစ်တောဦးစီးဌာန