၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီး နှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး) ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာ အချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။ အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်ပါသည်။ အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် (၁) လသားအရွယ်တွင် အရပ်အမြင့် ၂ ပေ ၆ လက်မခွဲ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၂၀၂ ပေါင်ခန့် ရှိလာပြီး မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်ကလေးမှာ ငယ်စဉ်ကတည်း ကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human and Friendly စနစ်ဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။