(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအဆင့်နှင့် တက္ကသိုလ်အဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊  ဝန်ကြီးဌာနအဆင့်နှင့် တက္ကသိုလ်အဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နေပြည်တော်၊ သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ၏ အမျိုးသားစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားလာစေရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာနအဆင့်နှင့် တက္ကသိုလ်အဆင့်‌‌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် အဓွန့်ရှည် တည်တံ့ ခိုင်မြဲစေရန်အတွက် တစ်မျိုးသားလုံး စည်းလုံးညီညွတ်ခြင်း၏ အခြေခံဖြစ်သော ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်ရေးသည် အဓိက ကျကြောင်း၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို သက်သေ စိုက်ထူခဲ့ သည့် အထိမ်းအမှတ်ဖြစ်သော ပြည်ထောင်စုနေ့သည် စိန်ရတုလွန် ၇၆ နှစ် မြောက်ကာလ သို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက် ၁၂ ရပ် တို့ဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ပြည်သူ အားလုံးက ပင်လုံစိတ်ဓာတ်အရင်းခံ၍ ချစ်ကြည်စည်းလုံးစွာ ပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရရှိသူအားလုံးကို ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ပြည်ထောင်စုအကျိုးသယ်ပိုး ထမ်းရွက်နိုင်သော ဝန်ထမ်းကောင်းများနဲ့ ‌ကျောင်းသား၊ ကျောင်းသူ ကောင်းများ ဖြစ်လာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်၍ ဆုရရှိသည့် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဆုရ‌ရှိသူများကိုယ်စား တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ တတိယနှစ် ကျောင်းသား မောင်ဝေယံဟိန်းထက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။