ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေး တက်ရောက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် များမှ သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက  ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုသာမက သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက်လည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီး ဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် စီးပွားရေးနှင့် လူမှုဘဝတိုးတက်မြင့်မားရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ ပါရီသဘောတူညီချက် အရ နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်း အစီအစဉ်တွင်ပါဝင်သည့် ကဏ္ဍအလိုက် ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊

ယခုနွေရာသီရောက်ရှိလာပြီဖြစ်၍ တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့မှဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆောင်ရွက်မှု များကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှော့ချနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် လိုအပ် ကြောင်း၊ အဏ္ဏဝါပင်လယ်ပြင်အမှိုက်သရိုက်များ၏ ၈၅% မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများဖြစ်ပြီး တစ်နှစ်လျှင် တန် (၉)သန်းမှ (၁၄)သန်း ရောက်ရှိလျှက်ရှိရာမှ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ် ညစ်ညမ်းမှုဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းအစီအစဉ်ကို ရေးဆွဲ၍ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ လျော့ကျအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးတိုင်းတာ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးပြီး ရလဒ်များကို နိုင်ငံပိုင် သတင်းစာများတွင် လစဉ်ပုံမှန်သတင်းထုတ်ပြန်လျက်ရှိကြောင်း၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များသည် လုပ်ငန်းကဏ္ဍအားလုံးနှင့် ဆက်စပ် နေသည့်အတွက် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ရပ်အနေဖြင့်သာမက သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့် ဆက်စပ်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်စွာအကောင်အထည် ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီ အတွင်းရေးမှူးတို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသူများက ကော်မတီ၏ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြ ကြပြီး ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်များချမှတ်ခဲ့ပါသည်။