၂၀၂၃ ခုနှစ် တတိယအကြိမ်နိုင်ငံတော်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

        ၂၀၂၃ ခုနှစ် တတိယအကြိမ်နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရားအဝင် လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

    အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်းများ၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

        ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို တစ်ပြိုင်တည်းစိုက်ပျိုးပေးကြသည်။

       ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ် တတိယအကြိမ် နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။