ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောစိုက်ခင်းများနှင့် ပျိုးဥယျာဉ်များအား ကြည့်ရှုစစ်ဆေး

     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၁၃-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော ၁/၂၀၂၃ ကျေးရွာ သုံးစိုက်ခင်း ယူကလစ်၊ရှား ၇၅ ဧကနှင့် ၂/၂၀၂၃ ရေဝေရေလဲစိုက်ခင်း ယူကလစ်၊ ရှား၊ ဒဟက် ၇၅ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်လာစေရေးနှင့် မြေဆီလွှာ တိုက်စားမှု လျော့နည်းစေရေးအတွက် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတော ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲဒေသများ ကာကွယ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်၊ ယင်းဆိပ်အမြဲတမ်းပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၃ မျိုးဖြင့် ပျိုးပင်ပေါင်း ၆၁,၀၀၀ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ တောပုန်းကြိုး ပြင်ကာကွယ်တော၊ အကွက်အမှတ် ၃ ရှိ ၂၀၂၁ ခုနှစ် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၂၂၀၀ ပင် ၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တည်ထောင်ပြီးသော သစ်တော စိုက်ခင်းများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားရန်နှင့် အပူပိုင်းဒေသမျိုးရင်း သစ်မျိုးများ အား သုတေသနပြုလုပ်ပြီး သုတေသနရလဒ်များအပေါ် အခြေခံ၍ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားသည်။

    နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အောင်လံမြို့နယ်ရှိ မိုးလယ်ပျိုးဥယျာဉ်သို့ ရောက်ရှိရာ ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၈ မျိုးဖြင့် ပျိုးပင်ပေါင်း ၇၈,၀၀၀ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ၂ပေ အထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် လိုအပ်သော သစ်စေ့ စုဆောင်းခြင်း၊ ကြိုတင်ပျိုးထောင်ခြင်း လုပ်ငန်းများအား အလေးထား ဆောင်ရွက်သွားရန် နှင့် စိုက်ပျိုးပြီးသော အပင်များ ရာနှုန်းပြည့် ရှင်သန်အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပြည်ကျွန်းကြိုးဝိုင်းရှိ သက်ကြီးကျွန်းစိုက်ခင်း ၇၈ ဧကသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကျွန်းပင် ၃၄၆၆ ပင်အား ထိန်းသိမ်း စောင့်ရှောက်ထားမှုနှင့် စိုက်ခင်းအတွင်း သစ်စေ့ထုတ်ဧရိယာမှ နှစ်စဉ် သစ်စေ့စုဆောင်းရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက  ကျွန်းစိုက်ခင်းများ အောင်မြင်အောင် တည်ထောင်နိုင်ရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့် ကျွန်းစေ့များ စုဆောင်းနိုင်ရန် အောင်လုံဖြောင့်တန်းသော ကျွန်းပင်များပေါက်ရောက်ရာ သဘာဝတောနှင့် သက်ကြီးကျွန်းစိုက်ခင်းနေရာများအား ကျွန်းသစ်‌စေ့ထုတ်ဧရိယာအဖြစ် တိုးချဲ့ သတ်မှတ်ဆောင်ရွက် သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သဲကုန်း မြို့နယ်၊ ရွှေကျွန်းတောကြိုးဝိုင်းရှိ သက်ကြီးကျွန်းစိုက်ခင်း ၁၄၇ ဧက အတွင်း သစ်စေ့ထုတ်ဧရိယာ တည်ထောင်ထားမှုအား ကြည့်ရှုစစ်ဆေးသည်။

    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ရွှေဝါမြိုင် ပျိုးဥယျာဉ်အတွင်း ပျိုးပင် ၁၂,၅၀၀ ပျိုးထောင်ထားရှိမှုအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ လသာကုန်းပျိုးဥယျာဉ်အတွင်း ပျိုးပင်ကြီး ၂၄,၀၀၀ နှင့် ၂၀၂၄ မိုးရာသီ လူထုဖြန့်စိုက်ပျိုးရန် ပျိုးပင် ၇၀,၀၀၀ ပျိုးထောင်ထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။