ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သစ်တောလုပ်ငန်းများနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၁၂-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ၄/၂၀၂၂ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်း ၅၀၀၀ ပင်၏ ရှင်သန် အောင်မြင်မှု အခြေအနေနှင့် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော ၃/၂၀၂၃ အထူးစိမ်း သဘာဝတောထိန်း ကွက်လပ်ဖြည့်စိုက်ခင်း ၃၀၀၀ ပင်၏ ‌ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး အပူပိုင်းဒေသနှင့်ကိုက်ညီသော ဒေသမျိုးရင်း သစ်မျိုးများ အား သုတေသနပြုလုပ်၍ ရှင်သန်အောင်မြင်မှု ရာခိုင်နှုန်းမြင့်များသော သစ်မျိုးများအား ရွေးချယ်စိုက်ပျိုးသွားရန်၊ နှစ်ပေ အထက် ပျိုးပင်များ ရရှိစိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များအား ကြိုတင်ပျိုးထောင်သွားရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်သန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆည်ပေါက်ပျိုးဥယျာဉ်အတွင်း လူထုဖြန့် စိုက်ပျိုးခြင်းနှင့် အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်းများအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ဘေးမဲ့ တောဥယျာဉ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဘေးမဲ့တောဥယျာဉ်အတွင်း ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းများနှင့် ရေထွက်စမ်းများမှ ရေနမူနာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုပ္ပါးတောင်ဘေးမဲ့တောဥယျာဉ်နှင့် ပုပ္ပါးတောင်ပတ်ဝန်းကျင် စိမ်းလန်းစို ပြည်ရေး၊ အပူပိုင်းဒေသဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအား အထူးအလေးထား ဆောင်ရွက်သွားရမည့်အပြင် ကြက်မောက်တောင်ဆည် ရေရှည်တည်တံ့စေရေးအတွက် အရေးပါသော ပုပ္ပါးတောင်ဒေသ ရေဝေရေလဲဧရိယာများနှင့် ပုပ္ပါးနှင့်ကျောက်ပန်းတောင်းမြို့၏ သောက်သုံးရေအတွက် အရေးပါသော သဘာဝစိမ့်စမ်းရေထွက်များအား ထိန်းသိမ်းကာကွယ်သွား ရမှာဖြစ်ကြောင်း၊ ပုပ္ပါးတောင်ဒေသသည် တောအမျိုးအစား ၆ မျိုးရှိပြီး မြန်မာနိုင်ငံတွင်သာ တွေ့ရသည့် ဒေသရင်းမျိုးစိတ် ပုပ္ပါးမျောက်မြီးရှည်များအပါအဝင် နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ လိပ်ပြာမျိုးစိတ်များ၊ ဆေးဘက်ဝင်အပင်မျိုးစိတ်များ၊ သစ်ခွမျိုးစိတ်များ စုံလင်စွာ တည်ရှိနေသည့်အတွက် သဘာဝအခြေခံခရီသွားလာရေးနှင့် သုတေသနလုပ်ငန်းများအတွက် အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် ပုပ္ပါးတောင်ဒေသသည် ထူးခြားသော ဘူမိနယ်မြေများ အများအပြားရှိသည့်အတွက် အမျိုးသားဘူမိဥယျာဉ် တည်ထောင်နိုင်ရေးအတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပုပ္ပါးတောင်ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ရေရှည် တည်တံ့နိုင်ရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာ‌ပေး လုပ်ငန်းများပိုမို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုပ္ပါးတောင်ဘေးမဲ့တောဥယျာဉ် ပညာပေး ပြခန်းအတွင်း ပြသထားမှု၊ သမင်ခြံအတွင်း သမင်များအား ထိန်းသိမ်းစောင့်ရှောက်ထားမှု၊ ပရဆေးဥယျာဉ်အတွင်း ဆေးဘက်ဝင်အပင်များ ထိန်းသိမ်းဆောင်ရွက်ထားမှုနှင့် ပုပ္ပါးတောင်နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

   နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ်၊ ဘူးကင်းတောင်ရှိ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA တို့ ပူးပေါင်းတည်ထောင်ထားသည့်  ၂၀၁၁ သစ်မျိုးစုံစိုက်ခင်း ၃၇၀ ဧက၏ ရှင်သန်မှုနှင့် စိုက်ခင်းအား ထိန်းသိမ်းဆောင်ရွက်ထားမှု အခြေအနေအား ကြည့်ရှုစစ်‌ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ရွှေပုံ တောင် အမြဲတမ်းပျိုးဥယျာဉ်သို့ရောက်ရှိရာ တာဝန်ရှိသူများက ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေး အတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် တိုးတက်ပြောင်းလဲလာမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပျိုးဥယျာဉ်အတွင်း သစ်ပင်စိုက်ပျိုးပွဲနှင့် အထူးစိမ်းစိုက်ခင်းများအတွက် သစ်မျိုး ၃၂ မျိုးဖြင့် ၂ ပေနှင့်အထက် ပျိုးပင်ကြီး ၉၀,၀၀၀ ပျိုးထောင် ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦးကြိုးပြင်ကာကွယ် တောအတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော ၁/၂၀၂၃ ကျေးရွာထင်းစိုက်ခင်း ၂၀ ဧက ၂၄,၂၀၀ ပင်အား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့ပါသည်။