၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ အမျိုးသား အိုဇုန်းယူနစ် အဖွဲ့ဝင်များ၊ အအေးပေးစက်ဆိုင်ရာ စက်မှုနည်းပညာရှင်များအသင်းမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်နှင့် စက်မှု လက်မှုသိပ္ပံမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၁၆-၉-၁၉၈၇ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ဖြစ်ကြောင်း၊ မှန်လုံအိမ် အာနိသင်ရှိ ဓာတ်ငွေ့ဖြစ်သော ဟိုက်ဒရိုဖလူရိုကာဗွန်-HFC သုံး အအေးပေးဒြပ်ပစ္စည်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် အိုဇုန်းလွှာ ကာကွယ် ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးမှု၏ အကျိုးဆက်များဖြစ်သည့် လူသားများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် ထပ်တိုးပြင်ဆင်ချက် ၄ ခုတို့တွင် အဖွဲ့ဝင်အဖြစ် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် နိုင်ငံတကာ နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရှိကြောင်း၊ ဟိုက်ဒရိုဖလူရိုကာဗွန် HFC လျှော့ချနိုင်ရေး အတွက် ၂၀၂၄ ခုနှစ်မှစတင်၍ HFC သုံးစွဲမှုကိုထိန်းချုပ်ကန့်သတ်ကာ ၂၀၄၅ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းထိ လျှော့ချသွားမှာဖြစ်ကြောင်း၊

ယနေ့ကမ္ဘာကြီး၏ အပူချိန်ကို လျှော့ချနိုင်ရန်နှင့် အိုဇုန်းလွှာထိခိုက်မှုလျော့ကျစေရန်အတွက် စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေသော အအေးပေး ဒြပ်ပစ္စည်းများကိုသာ တင်သွင်း ဖြန့်ဖြူး အသုံးပြုသွားရန် အရေးကြီးကြောင်း၊ ကမ္ဘာကြီးပူနွေးစေမည့် အလားအလာ မြင့်မားသော ဒြပ်ပစ္စည်းများ လျှော့ချသုံးစွဲရေးအတွက် ပြည်သူလူထုအား အသိပညာပေးခြင်းနှင့် အိုဇုန်းလွှာ၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော နည်းပညာမြှင့်တင်ရေး သင်တန်းများနှင့် သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များ၊ သုတေသနပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အလေး အနက် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၏ သဝဏ်လွှာ ဗွီဒီယိုနှင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗွီဒီယိုတို့အားပြသပြီး၊ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် ပိုစတာများ ပြသထားမှုကို  လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။