တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူသမ္မတနိုင်ငံ Nyingchi မြို့သို့ ထွက်ခွာခြင်း

       ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Nyingchi မြို့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများ အကြား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြပါသည်။

        ယခုကျင်းပမည့်ဖိုရမ်အား ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့် ကဏ္ဍ (၃) ခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ဦး တက်ရောက်မည် ဖြစ်ပါသည်။