တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

  ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်း­ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်သောဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့် ကဏ္ဍ  (၃) ခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပသည့် တတိယအကြိမ်မြောက် ဟိမဝန္တာ တောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  Nyingchi မြို့တွင် အောက်တိုဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပလျက်ရှိရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀၀ ဦးနှင့် အတူ တက်ရောက်လျက်ရှိသည်။

  ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးအား သီရိလင်္ကာ၊ ချီလီ၊ ကင်ညာနိုင်ငံများမှ ဝန်ကြီးများနှင့်အတူ Nyingchi မြို့တွင် သီးခြား တွေ့ဆုံပြီး တိဗက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍ များတွင် ဒေသတွင်းနိုင်ငံများသာမက အခြားကမ္ဘာနိုင်ငံများကိုပါ ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြသည်။

  ထို့နောက် တတိယအကြိမ် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ တက်ရောက်လာသော နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အမှာစကား အသီးသီးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိစွာနေထိုင်မှုသည် လူသားများနှင့်သဘာဝအကြား အပြန်အလှန် အမှီသဟဲပြုပြီး ကောင်းမွန်သော သက်ရှိဘဝကို ဖန်တီးနိုင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သစ်တောများကာကွယ်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံ၏ ဦးစားပေးကဏ္ဍအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏၄၇ ရာခိုင်နှုန်း သည် ဟိမဝန္တာဒေသတွင်းကျရောက်နေပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အချက်အခြာနေရာများဖြစ်သော အင်ဒို-မြန်မာ၊ တရုတ်အနောက်တောင် တောင်တန်းများနှင့် ဟိမဝန္တာဒေသများ၏ ဂေဟဗေဒဆိုင်ရာ ကူးပြောင်းမှု ဧရိယာအတွင်းတည်ရှိပါကြောင်း၊ ကချင်ပြည်နယ် မြောက်ပိုင်းတောင်တန်းဒေသတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၈ ခု နိုင်ငံဧရိယာ၏ ၂.၅၉ ရာခိုင်နှုန်းဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရှိပါကြောင်း၊ ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် သဘာဝအခြေပြုလုပ်ငန်းများ အကောင် အထည်ဖော်ရေးအတွက် လက်တွေ့ကျ၍ ခိုင်မာသောမူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် သွားရန်အကြံပြုလိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား နှင့် ပိုးလမ်းမနှင့်ရပ်ဝန်းဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

  ယင်းနောက် ဖိုရမ်တွင် လူသားမျိုးနွယ်နှင့် သဘာဝပတ်ဝန်းကျင်အကြား သဟဇာတဖြစ်မှုကို မြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများ မျှဝေခြင်း ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးကြသည်။

  ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Nyangchi မြို့တွင် သတင်းမီဒီယာများ ၏ ဖိုရမ်နှင့်ပတ်သက်သည့် မေးမြန်းချက်များကို ဖြေကြားခဲ့ပြီး တိဗက်ယဉ်‌ကျေးမှုနှင့် ရှေးဟောင်း အမွေအနှစ်ပြခန်းသို့ သွားရောက်လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကြိုဆိုမိတ်ဆက်ညစာစားပွဲနှင့် ယဉ်ကျေးမှုအက ဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။