တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

         တတိယအကြိမ်မြောက် ဟိမဝန္တာ တောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Nyingchi မြို့တွင် အောက်တိုဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

             အောက်တိုဘာလ ၅ ရက်နေ့ ဖိုရမ်အပြီး မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူလန်မြို့၊ ဇာရှီဂန် တိဗက်ကျေးရွာသို့ သွားရောက်၍ ကျေးလက်ပြည်သူများက ပြည်သူအခြေပြု ခရီးသွားလုပ်ငန်း (Community-Based Tourism) ‌ဆောင်ရွက်နေမှုများ၊ ပြည်တွင်းပြည်ပ ခရီးသွားများ အတွက် ရိုးရာမျှားပစ်ခြင်း၊ မြင်းစီးခြင်းနှင့် တောတွင်းလမ်းလျှောက်ခြင်းများ ဆောင်ရွက်ပေးထားမှု အခြေအနေအား ကြည့်ရှုလေ့လာခဲ့ပါသည်။

           အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရိယာဟက်တာ ၄၃၀၀ ကျယ်ဝန်းသော လူလန် သဘာဝတောထိန်းရေးနယ်မြေသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက အအေးပိုင်းတောင်ပေါ် အမြဲစိမ်းတောနှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ထားမှု၊ ရေဝေရေလဲ‌ဒေသများအား ထိန်းသိမ်းထားမှု၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်‌နေမှုနှင့် ပြည်သူများ အပန်းဖြေအနားယူရန် ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များအား မေးမြန်းခဲ့ပါသည်။

          နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မီတာ ၃၀၀၀ ခန့်တွင်ရှိပြီး အကျယ်အဝန်း ၈၇၃၇ ဟက်တာရှိသော ယနီးအမျိုးသားရေတိမ်ဒေသ (Yani National Wetland Park) သို့‌သွားရောက်၍ တောင်တန်းရေသယံဇာတများ၊ မြက်ခင်းလွင်ပြင်များ၊ ရေခဲတောင် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်မှု၊ တောရိုင်းတိရစ္ဆာန်နှင့် ငှက်မျိုးစိတ်များအား ကာကွယ်စောင့်ရှောက်ထားမှု အခြေအနေများအား ကြည့်ရှုလေ့လာခဲ့ပါသည်။

             ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ လမလင်း ဗုဒ္ဓဘုရားကျောင်းသို့ သွားရောက်၍ ဖူးမျှော်ကြည်ညိုပြီး တိဗက်ရိုးရာ ဗိသုကာလက်ရာများနှင့် ဘာသာရေး ဓလေ့ထုံးထမ်းများအား လေ့လာခဲ့ပါသည်။