ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ သစ်တောလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်ထောင် စုရိပ်သာ ဧည့်ခန်းမတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံ၍ ပြည်နယ်အတွင်းရှိ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြ သည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာနရုံးသို့ ‌ရောက်ရှိရာ တာဝန်ရှိသူများက ပြည်နယ်သစ်တောဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့မပျိုးဥယျာဉ်အတွင်း ပျိုးပင် ၂၅,၀၀၀ ကျော် ပျိုးထောင် ထားရှိမှုနှင့် ဆက်လက်ပျိုးထောင်မည့် ပျိုးပင် ၈၀,၀၀၀ အတွက် ပြင်ဆင်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၊ ပြည်နယ်ရုံး၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်တာဝန်ခံက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

      ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ ပြည်နယ်ရုံးတွင် ပြည်နယ် အတွင်းရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံတော်အနေဖြင့် အမျိုးသားရေး ရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ရည်ရွယ်ချက်(၃)ရပ်ဖြစ်သည့် နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ် များကို ကာကွယ်ထိန်းသိမ်းရန်၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည် တည်တံ့သောနည်းလမ်းဖြင့် နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို စီမံဆောင်ရွက် သွားရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို ဟန်ချက်ညီညီ သဟဇာတရှိရှိ ဖြစ်စေရန် တို့ကို ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊

     သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန် သဘာဝသစ်တောများထိန်းသိမ်းခြင်း၊ စိုက်ခင်းများတည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ ‌ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲ များ ထိန်းသိမ်းကာကွယ်ခြင်း၊ တရားမဝင်သစ်နှင့်သတ္တုထုတ်ယူခြင်းများ တားဆီးရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မြေပေါ်မြေအောက်သယံဇာတများအား စီမံခန့်ခွဲရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စည်းကမ်းပြည့်ဝသည့် ဝန်ထမ်းကောင်းပီသစွာ ကျင့်ကြံနေထိုင် ကြရန်၊ အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့နယ်ရှိ လင်းနို့ဂူသို့သွားရောက်၍ လင်းနို့ဂူ အား ထိန်းသိမ်းကာကွယ်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် တိုးချဲ့ဖွဲ့စည်းရန် ရည်ရွယ်ထားသည့် ရသေ့ပျံဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေ ၄၂၆ ဧကနှင့်ကော့ဂွန်းဂူ ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေ ၁၁၀ ဧက၏ အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

     ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ရှိ မြို့ပြသစ်တော- Urban Forest အနေဖြင့် တည်ထောင်ထားသော ဘားမဲတောင်သဘာဝဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်းရှိ သစ်ပင်များထိန်းသိမ်းကာကွယ်ထားမှု၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်၏ အကျိုးကျေးဇူးကို သိရှိပြီး မြို့ပြလူနေထိုင်မှုဘဝအတွက် အပန်းဖြေနိုင်သည့် နေရာအဖြစ် ဆောင်ရွက်ထားမှုအခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

     နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်‌ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးနှင့် သတ္တုတွင်းဦးစီးဌာနရုံးများသို့သွားရောက်၍ ဝန်ထမ်းများ နှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။