ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သစ်တောလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ၃၁-၁၂-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သလပ်ခွာ ကြိုးဝိုင်း၊ အကွက်အမှတ် ၂၁ ရှိ ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ၁/၂၀၂၃ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ၃၅၀ ဧက၏ ရှင်သန်အောင်မြင်မှုအား လည်းကောင်း၊ သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် ၂၂ ရှိ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ၁/၂၀၂၂ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ၄၀၀ ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုအား လည်းကောင်း၊ သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် ၃၀ ရှိ ၂၀၂၁ မိုးရာသီတွင် စိုက်ပျိုးခဲ့သော ၁/၂၀၂၁ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ၃၅၀ ဧက၏ အောင်မြင် ဖြစ်ထွန်းနေမှုအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံ သစ်တောများပြန်လည် ကောင်းမွန်လာစေရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးနှင့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောစိုက်ခင်းများ အောင်မြင်စေရန်အတွက် ဒေသနှင့်ကိုက်ညီသော သစ်မျိုးနှင့် မျိုးကောင်း မျိုးသန့် သစ်စေ့များ ကြိုတင်စုဆောင်းပျိုးထောင်ရေး၊ အချိန်မီစိုက်ပျိုးရေးနှင့် စိုက်ပျိုးပြီးသော အပင်များရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် အရေးကြီးကြောင်း၊ စီးပွားရေးအရ အရေးပါသော သစ်မျိုးများအား စိုက်ပျိုးခြင်းဖြင့် တောအဆင့်အတန်းပြန်လည် မြင့်တက်လာစေပြီး သဘာဝတောအပေါ်မှီခိုနေမှုကိုလည်း လျော့ကျစေမှာဖြစ်ကြောင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအပြင် ကြိုးဝိုင်း/ကြိုးပြင်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ ဒီရေတောများ ထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေး၊ ဒေသခံပြည်သူများအတွက် ကျေးရွာသုံးထင်းစိုက်ခင်များ တည်ထောင်ရေးနှင့် တရားမဝင်သစ် တားဆီးကာကွယ်ရေးတို့ကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ သလပ်ခွာကြိုးဝိုင်း၊ အကွက် အမှတ် ၂၇ ရှိ ၁/၂၀၁၈ စီးပွားရေးပျဉ်းကတိုးစိုက်ခင်း၏ ရှင်သန်အောင်မြင်မှုနှင့် စိုက်ခင်းအတွင်း ပင်ကြပ်နှုတ်ခြင်းဆောင်ရွက်ထားမှု အခြေအနေအားလည်းကောင်း၊ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ပုဂ္ဂလိကသစ်မာ ပျဉ်းကတိုးနှင့်မန်ဂျန်ရှားစိုက်ခင်း ၄၅ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

     နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဆင်မကြိုးဝိုင်း၊ အကွက်အမှတ် ၈၉ ရှိ ၂၀၂၃ မိုးရာသီတွင်စိုက်ပျိုးခဲ့သော ၂/၂၀၂၃ ကျေးရွာသုံးထင်း မန်ဂျန်ရှား စိုက်ခင်း ၁၀၀ ဧကအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စိုက်ခင်း ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်မကြိုးဝိုင်း၊ အကွက်အမှတ် ၉၀ ရှိ ၁/၂၀၂၃ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ၂၅၀ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ မဲဇလီကြိုးဝိုင်း၊ အကွက် အမှတ် ၇၁ အတွင်း ပျဉ်းကတိုး၊ ခါတော်မှီနှင့် ကော်ဖီရောနှောစိုက်ခင်း ၃၉၀ ဧက စိုက်ပျိုးထားမှုနှင့် ကော်ဖီစေ့ ထုတ်ယူနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။