ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

ညွှန်ကြားရေးမှူးချုပ်၏ ရှမ်းပြည်နယ်ခရီးစဉ် 

၁။      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်အရာထမ်း (၉) ဦးတို့သည် “မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ် ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်း ဆိုင်ရာစီမံကိန်း” ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ကြည့်ရှုစစ်ဆေးရန်တွက် ၂၀-၁၂-၂၀၂၃ ရက်နေ့မှ ၂၄-၁၂-၂၀၂၃ ရက်နေ့အထိ နေပြည်တော်မှ ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။

၂။       ၂၀-၁၂-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိပြီး ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ ပတ်ဝန်းကျင်ဆိုင်ရာဓါတ်ခွဲခန်းအား စစ်ဆေးခြင်းနှင့် Air Quality Monitoring Station (AQMS) ဖြင့် တောင်ကြီးမြို့ရှိ ဝန်းကျင်လေထု အရည်အသွေးတိုင်းတာနေမှုများအား ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။      ၂၁-၁၂-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဖွင့်လှစ်ထားရှိမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားခြင်း၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာသို့ ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ သည်။ ဆက်လက်၍ ဟဲဟိုးလေဆိပ်မှတစ်ဆင့် တာချီလိတ်မြို့သို့ရောက်ရှိခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် နှင့် အဖွဲ့ဝင် (၉)ဦး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင် (၄) ဦးအပါအဝင် တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အဖွဲ့ဝင် (၂) ဦး၊ စုစုပေါင်း အဖွဲ့ဝင် (၁၅)ဦး လိုက်ပါ၍ မဲခေါင်မြစ်အနီး လာအို-မြန်မာနယ်စပ်ရှိ ဝမ်ပုံဆိပ်ကမ်းတွင် မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့် တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း”မှ ဆောင်ရွက်လျက်ရှိသည့် ဝန်းကျင်လေထု အရည်အသွေး စောင့်ကြည့်တိုင်းတာသည့် မော်တော်ယာဉ်ဖြင့် လေထုအရည်အသွေးတိုင်းတာမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

၄။      ၂၂-၁၂-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဖွင့်လှစ်မည့်နေရာသို့ သွားရောက်ကြည့်ရှုခြင်း၊ ကျိုင်းတုံ မြို့ရှိ နောင်တုံကန်ရေအရည်အသွေးအား တိုင်းတာစစ်ဆေးခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးဝင်းအတွင်း ဝန်းကျင်လေထုအရည်အသွေးတိုင်းတာမှုအခြေနေများကို ကြည့်ရှုစစ်ဆေးခြင်း များအား ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

၅။      ၂၃-၁၂-၂၀၂၃ ရက်နေ့နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် တာချီလိတ် မြို့ရှိ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းစီမံကိန်း ဆိုင်ရာအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချူပ် အနေဖြင့် “နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့် တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း” ၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် မှုများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် သက်ဆိုင်သူအားလုံးမှလည်း အတူတကွ ပူးပေါင်းလုပ်ဆောင် ပေးစေလိုပါကြောင်းနှင့် နယ်စပ်ဖြတ်ကျော်လေထုညစ်ညမ်းမှုပြဿနာကို သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် လျှော့ချသွားနိုင်မှာ ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၆။      ၂၄-၁၂-၂၀၂၃ ရက်နေ့နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ကြီး မြို့မှ နေပြည်တော်သို့ ထွက်ခွါခဲ့ပြီး ၁၆:၃၀ အချိန်ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံဓာတ်ခွဲနည်းပညာသင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

   ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသု‌တေသနဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့  ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံဓာတ်ခွဲနည်းပညာ သင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားကို ကျောက်ဆည်မြို့ ဇီဝနည်းပညာ သု‌တေသနဦးစီးဌာန၌ (၂၆-၁၂-၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ သင်တန်းကို ဓါတ်ခွဲ ပစ္စည်းနမူနာများ ကောက်ယူမှုနည်းစနစ်၊ ဓာတ်ခွဲနည်းအခြေခံ ဆောင်ရွက်မှုနည်းစနစ်နှင့် ဇီဝနည်း ပညာသုံးရေဆိုးသန့်စင်ခြင်းဆိုင်ရာ အ‌ခြေခံဆောင်ရွက်မှုများကို စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြား ပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ (၂၆-၁၂-၂၀၂၃) မှ (၂၉-၁၂-၂၀၂၃) ထိ ဖြစ်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများအပြင် ပုဂ္ဂလိက/ကုမ္ပဏီ ဝန်ထမ်းများ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။ 

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (C&G School Award) ချီးမြှင့်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အထကခွဲ (ရေကြည်ပေါက်) သို့  ကွင်းဆင်းစစ်ဆေး

      မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၈-၁၂-၂၀၂၃ ရက်နေ့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (C&G School Award) ချီးမြှင့်နိုင်ရေးအတွက် ပုသိမ်ကြီးမြို့နယ် အထကခွဲ(ရေကြည်ပေါက်)သို့ ဆုရွေးချယ်ရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ပါသည်။ 

မတ္တရာမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

     ၂၈-၁၂-၂၀၂၃ ရက်နေ့ မတ္တရာမြို့နယ်၊ အမှတ်(၅) အ.ထ.က စလွန်ဖြူကျောင်းတွင် မတ္တရာမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်တွင် ပတ်ဝန်းကျင် ဆိုင်ရာအသိပညာများကို ပါဝင်ဟောပြောဆွေးနွေးခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အင်အား (၂၀၀)ခန့် တက်‌ရောက်ခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) (၂၅/၂၀၂၃) ထုတ်ပေးခြင်းအခမ်းအနား‌ကျင်းပ

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ စီမံကိန်းအဆိုပြုသူ ဌာန/ကုမ္ပဏီများက တင်ပြလာသည့် IEE/EMP/ EIA အစီရင်ခံစာများအနက်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ စိစစ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အတည်ပြုပြီးဖြစ်သော IEE/EMP/EIA Report များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံ လက်မှတ် (ECC) ထုတ်ပေးသည့် အခမ်းအနားအား (၂၈-၁၂-၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရုံးအမှတ်(၅၈)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ စီမံကိန်းအဆိုပြုသူ သက်ဆိုင်ရာ ဌာန/ ကုမ္ပဏီမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၄၇)ဦး အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) လက်မှတ် (၃၇)စောင် ထုတ်ပေးနိုင်ခဲ့ပါသည်။