၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရှိ ဝန်ထမ်းများ ကျန်းမာပျော်ရွှင်စေရန်၊ လုပ်ငန်းခွင်စိတ်ဖိစီးမှု လျှော့ချနိုင်ရန်နှင့် ဝန်ထမ်းများ အားလုံး စည်းလုံးညီညွတ်မှုရှိစွာ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ထမ်းမိသားစုများ၏ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရုံးအမှတ် (၅၈) ၌ ၃-၁-၂၀၂၄ ရက်နေ့နှင့် ၄-၁-၂၀၂၄ ရက်နေ့တို့တွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါသည်။ အားကစားပြိုင်ပွဲများအဖြစ် ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ (မီတာ  ၅၀၊ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀)၊ အပြေး (တာလွှတ်) ပြိုင်ပွဲ၊ ချောတိုင် တက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ သံပုရာသီး ဇွန်းကိုက်ပြိုင်ပွဲ နှင့် မုန့်စားပြိုင်ပွဲ စသည့် အားကစားနည်း (၁၇) မျိုးဖြင့်  ကျင်းပပြုလုပ်ခဲ့ပါသည်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း (၃၆၇)ဦး တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်ဦးရေ (၃၄၀)ဦးတို့မှ  ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးမှ အဖွင့်အမှာ စကားပြောကြားပြီး ဆုရရှိသူများအား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုဝင်များအား နေ့လည်စာ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး အခမ်းအနားအား (၁၃:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။