သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ (၃၁) ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ

       သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၏ (၃၁) ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူ‌တော် ရေစက်ချ တရား နာယူပွဲနှင့် အောင်ပွဲမင်္ဂလာနေ့ကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် တက္ကသိုလ် ရာပြည့်ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ စီမံခန့်ခွဲရေးဌာနနှင့် သင်ကြားရေးဌာနများမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း ကန်ဦးကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိလာသ အမှူးပြုသော သံဃာတော် (၅) ပါးထံမှ (၅) ပါး  သီလခံယူဆောက်တည်ခြင်း၊ သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်တော်မူကြပြီးနောက် ဆရာတော်ကြီး များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

      စုပေါင်းမဟာဘုံကထိန်အောင်ပွဲ အဝင်နေ့ ဇန်နဝါရီ ၆ ရက် ညနေပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းရှိ စီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပဋ္ဌာန်းဒေသနာတော်နှင့် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။