ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနက နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆု ရရှိ

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ ညနေပိုင်းတွင် မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁)၊ နေပြည်တော်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ မြို့ပြ၊ ကျေးရွာအခြေခံ အဆောက်အအုံတိုးတက်ရေး စီမံကိန်းများကို ဌာနဆိုင်ရာများ၊ မြို့နယ် ကျေးရွာ ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ စည်ပင်သာယာရေး ကော်မတီများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုသည် အရှိန်ရစ ပြုလာပြီ ဖြစ်ကြောင်း၊ ပြည်သူများပူးပေါင်းပါဝင်မှုနှင့် ပြည်သူဗဟိုပြု ဖွံဖြိုးရေးလုပ်ငန်းများကို အများဆန္ဒနှင့်အညီ မြို့ပြစီမံကိန်းများအား စနစ်တကျ ရေးဆွဲ အကောင်အထည် ဖော်သွားကြမည်ဆိုပါက မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တော သယံဇာတ၊ သတ္တုတွင်းထွက်သယံဇာတများကို ပြည်သူများအတွက် အကျိုးရှိ ထိရောက်စွာ စီမံခန့်ခွဲ အသုံးပြုဆောင်ရွက်သွားနိုင်မည်ဖြစ်သည့်အတွက် နောင်အနာဂတ် သားစဉ်မြေးဆက်အထိ ရေရှည် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှု (Sustainable Development) ဖြစ်အောင် ထူထောင် တည်ဆောက်သွားနိုင်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပေးအပ်ချီးမြှင့်သည့် ဆုအမျိုးအစားများစာရင်းမှာ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ၂၀ ဆု၊ နိုင်ငံတော်သမ္မတ၏ သီးသန့်အထူးဆု  ၁ ဆု၊ နိုင်ငံတော်သမ္မတ၏အထူးဂုဏ်ထူးဆောင်ဆု ၅ ဆု၊ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် (မြို့ပြ/ကျေးရွာအဆင့် ဖွံဖြိုးတိုးတက်မှုအကောင်းဆုံးနှင့် စိုက်/မွေးဆိုင်ရာဆုများ) ၁၄ ဆုနှင့် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် (လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆုများ) ၁၉ ဆုတို့ ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကြီးမားသော ဘဏ္ဍာဖြစ်သည့် သစ်တောသယံဇာတများ မဆုံးရှုံးစေရန် တားဆီး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုင်ငံဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေးတို့အတွက် စွမ်းဆောင်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြသည့် စီးပွားရေးစွမ်းဆောင်ရှင်များ၊ လူမှုရေးစွမ်းဆောင် ရှင်များ၊ အဖွဲ့အစည်းများပေါ်ထွန်းလာစေရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြ၊ ကျေးရွာများဖွံဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်သည်။