မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်အင်းနှင့် တံတားဦးမြို့နယ်၊ ပြူကန်တို့အား အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက်နယ်မြေများအဖြစ် အတည်ပြုသတ်မှတ်ပြီးစီး

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အင်ချွန်းမြို့၊ ကိုရီးယားသမ္မတနိုင်ငံတွင်အခြေစိုက်သည့် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်းမိတ်ဖက်အဖွဲ့အစည်း (East Asian-Australian Flyway Partnership-EAAFP) တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်အင်း (၂၀၂၃ ခုနှစ်၊ EAAF 154) နှင့် တံတားဦးမြို့နယ်ရှိ ပြူကန် (၂၀၂၃ ခုနှစ်၊ EAAF 155) တို့ကို မြန်မာနိုင်ငံ၏ သတ္တမမြောက်နှင့် အဋ္ဌမမြောက် ငှက်ပျံသန်းကွန်ရက်နယ်မြေများအဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။

     ပလိပ်အင်းသည် ဧရိယာ (၁၁၈၆) ဧကရှိပြီး ပြူကန်သည် ဧရိယာ (၅၇၈) ဧက ကျယ်ဝန်းပါသည်။ ပလိပ်အင်းနှင့် ပြူကန်တို့သည် မျိုးသုဉ်းရန်အန္တရာယ်ရှိသော ငှက်မျိုးစိတ်တစ်ခုချင်းစီ၏ အကောင်ရေပေါင်း ၁ ရာခိုင်နှုန်းခန့် ပုံမှန်ထောက်ပံ့ပေးနိုင်ခြင်း၊ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော ရေပျော်ငှက်မျိုးစိတ်များစွာကို ထောက်ပံ့ပေးနိုင်ခြင်း၊ ဒေသရွှေ့ပြောင်းငှက်များအတွက် ဆောင်းခိုရာဒေသတစ်ခုဖြစ်ခြင်း အစရှိသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အတွက် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ ရွှေ့ပြောင်းရေပျော်ငှက်များ၊  ၎င်းတို့ကျက်စားရာဒေသများရှိ ဇီဝမျိုးစုံ မျိုးကွဲများနှင့် လူသားတို့၏ အကျိုးကျေးဇူးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ EAAFP သည် ရမ်ဆာကွန်ဗင်းရှင်း (Ramsar Convention) ခေါ် ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands) အား အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဖွဲ့စည်းထားသော Ramsar Regional Initiative (RRI) တစ်ခုလည်းဖြစ်ပါသည်။

     ရွှေ့ပြောင်းရေပျော်ငှက်များနှင့် ၎င်းတို့ ကျက်စားနေထိုင်ရာဒေသများအား ပိုမိုထိရောက်စွာ ထိန်းသိမ်းနိုင်စေခြင်း၊ နိုင်ငံတကာအဆင့် ပိုမိုကျယ်ပြန့်သော ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်များတွင် ပါဝင်နိုင်မည်ဖြစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာပြီး ဂေဟစနစ်များ ရေရှည်တည်တံ့စေခြင်း၊ ဆောင်းခိုငှက်များနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများကို အထောက်အကူပြုစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ မုတ္တမပင်လယ်ကွေ့၊ မွန်ပြည်နယ် (၂၀၁၄ ခုနှစ်၊ EAAF 117)၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကချင်ပြည်နယ် (၂၀၁၄ ခုနှစ်၊ EAAF 118)၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပဲခူးတိုင်းဒေသကြီး (၂၀၁၄ ခုနှစ်၊ EAAF 119)၊ နံ့သာကျွန်းနှင့်မေယုမြစ်ဝ၊ ရခိုင်ပြည်နယ် (၂၀၁၈ ခုနှစ်၊ EAAF 139)၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဧရာဝတီတိုင်းဒေသကြီး (၂၀၁၈ ခုနှစ်၊ EAAF 140) အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ရှမ်းပြည်နယ် (၂၀၂၀ ခုနှစ်၊ EAAF 147)၊ ပလိပ်အင်း၊ မန္တလေးတိုင်းဒေသကြီး (၂၀၂၃ ခုနှစ်၊ EAAF 154) နှင့် ပြူကန်၊ မန္တလေးတိုင်းဒေသကြီး (၂၀၂၃ ခုနှစ်၊ EAAF 155) စသည့် Flyway Sites Network (၈) ခုကို  သတ်မှတ်ခြင်းခံထားရပြီး ဆောင်းခိုရေပျော်ငှက်များနှင့် ၎င်းတို့နေရင်းဒေသများကို ထိန်းသိမ်းလျက်ရှိပါသည်။