ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီးအတွင်းရှိ သစ်တောလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ရှိ ‌ဒေါင်းနေအမြဲတမ်းပျိုးဥယျာဉ်တွင် ဒေသခံရွာသူ/ ရွာသားများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံ၍  သက်ရှိသတ္တဝါများ အသက်ရှင်နိုင်ရေးအတွက် အပင်များသည် မရှိမဖြစ်အရေးကြီးပြီး သစ်ပင်များမှ လူသားများအတွက် များစွာသောဝန်ဆောင်မှုများ ပေးလျက် ရှိကြောင်း၊ သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်အားချစ်တတ်သော အလေ့အကျင့်ကောင်းများ ရရှိအောင် ငယ်စဉ်ကတည်းက အသိပညာ‌ပေးရမှာဖြစ်ကြောင်း၊ အပူပိုင်းဒေသရှိ ကျေးလက်နေ ပြည်သူများ၏ လိုအပ်ချက်များအတွက် သဘာဝတောမှ မှီခိုနေရမှုကို လျော့ချရန်အတွက် ဌာနမှ ကျေးရွာသုံး ထင်းစိုက်ခင်းများ တည်ထောင်ပေးခြင်း၊ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးခြင်း၊ ရေရရှိရေးများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အိမ်ဝိုင်းအတွင်းဖြစ်စေ ကျေးရွာအနီး တစ်အုပ်တစ်မဖြစ်စေ စိုက်ပျိုးနိုင်ရန်အတွက် နှစ်စဉ်မိုးရာသီတွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေး လျက်ရှိကြောင်း၊ ဖြန့်ဝေပေးသည့် ပျိုးပင်များကို ရှင်သန်အောင်စိုက်ပျိုးရန် လိုအပ်သကဲ့သို့ ကျေးရွာပတ်ဝန်းကျင်ရှိ သဘာဝတောများကိုလည်း ဌာနနှင့်အတူ ပူးပေါင်းပါဝင် ထိန်းသိမ်းပေးခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေမှာဖြစ်ပြီး အပူချိန်ကိုလည်း တဖြည်းဖြည်းလျော့ကျ လာစေမှာဖြစ်ကြောင်း၊ မိမိတို့၏ နောင်လာမည့် သားစဉ်မြေးဆက်အတွက် စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် ကြိုးစားကြရမှာဖြစ်ကြောင်း၊  ဝန်ကြီးဌာနဘက်မှလည်း လိုအပ်သောအကူအညီများကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမများနှင့် ဒေသခံရွာသူ/ရွာသားများအား သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ ထောက်ပံ့ကြေးငွေနှင့် စွမ်းအင်ချွေတာနိုင်သော စွမ်းအားမြှင့်မီးဖိုများအားပေးအပ်သည်။ ဆက်လက်၍ ပျိုးဥယျာဉ်အတွင်း သစ်မျိုး (၁၂) မျိုးဖြင့် ပျိုးပင်တစ်သိန်းကျော် ပျိုးထောင်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်၊ ဂဲကြီးကုန်းကျေးရွာရှိ (၁/၂၀၂၂) ကျေးရွာသုံးထင်းစိုက်ခင်း (၂၀) ဧကနှင့် (၁/၂၀၂၃) ကျေးရွာသုံးထင်းစိုက်ခင်း (၂၀) ဧက၏ ရှင်သန် အောင်မြင်မှု အခြေအနေအားလည်းကောင်း၊ မကွေးမြို့ မြို့မပျိုးဥယျာဉ်အတွင်း သစ်မျိုး (၁၇) မျိုးဖြင့် ပျိုးပင် (၇၅,၀၀၀) ကျော်ပျိုးထောင်ထားရှိမှုနှင့် ပျိုးပင်များ၏ ကြံ့ခိုင်သန်စွမ်းမှု အခြေအနေအားလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံး၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

   နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သဘာဝသစ်တောများထိန်းသိမ်းခြင်း၊ စိုက်ခင်းများတည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများတိုးချဲ့ဖွဲ့စည်းခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ ‌ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်း၊ တရားမဝင်သစ်နှင့်သတ္တုထုတ်ယူခြင်းများ တားဆီးရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မြေပေါ်မြေအောက် သယံဇာတများအား စီမံခန့်ခွဲရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စည်းကမ်းပြည့်ဝသည့် ဝန်ထမ်းကောင်းပီသစွာ ကျင့်ကြံနေထိုင်ကြရန်၊ အဂတိတရားကင်းရှင်းစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်ကြိုးဝိုင်း၊ အကွက်အမှတ်(၄)၊ (၅)၊ (၆)ရှိ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း (၁,၀၀၀) ဧကအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း အကွက်အမှတ် (၂၁၆) ရှိ (၁/၂၀၂၀) စီးပွားရေးကျွန်းစိုက်ခင်း (၁၅၀) ဧက၏ ရှင်သန်အောင်မြင်နေမှု အခြေအနေအားလည်းကောင်း၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၆)၊ (၂၁၈) ရှိ တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်မျိုးစုံစိုက်ခင်း (၁၀၀)ဧက၏ ရှင်သန်အောင်မြင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေအားလည်းကောင်း၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၅)ရှိ (၁/၂၀၁၂) စီးပွားရေးကျွန်းစိုက်ခင်း (၇၅)ဧကနှင့် အကွက်အမှတ် (၂၁၈) ရှိ (၂/၂၀၁၂) စီးပွားရေးကျွန်းစိုက်ခင်း (၇၅) ဧက၏ ပင်ကျပ်နုတ်ခြင်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉) ၊ (၃၀) ရှိ ၂၀၁၉ ခုနှစ် သစ်မျိုးစုံ ဂေဟဖြည့်စိုက်ခင်း (၁၀၀) ဧက၏ ရှင်သန်အောင်မြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။