AFoCO RETC ၏ ဒေသခံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်လှစ်

     သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် မှော်ဘီမြို့တွင် “ဝါးလက်မှုထုတ်ကုန်သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ၀၈:၃၀ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ AFoCO Secretariat မှ Program Officer Ms. Soozin Ryang နှင့် CFDTC(မှော်ဘီ)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့် သင်တန်းသား၊ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့သည်။

     “ဝါးလက်မှုထုတ်ကုန်သင်တန်း”သည် ဒေသခံပြည်သူများအား အရည်အသွေးမီ ဝါး လက်မှု ပစ္စည်းနှင့် လက်ဆောင်ပစ္စည်းများ ပြုလုပ်ခြင်း အတတ်ပညာ သင်ကြားပို့ချရန်၊ ဝါးထုတ်ကုန်မှ ဝင်ငွေ အခွင့်အလမ်းများ မြှင့်တင်လျက် ဒေသခံအစုအဖွဲ့ပိုင် သစ်တောအခြေပြု စီးပွားရေးလုပ်ငန်းအပေါ် အထောက်အကူပြုနိုင်ကာ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်မှု မြင့်တက်လာစေရန် ရည်ရွယ်၍ ကျင်းပဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

     အဆိုပါ သင်တန်းသို့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူ သင်တန်းသား (၂၃)ဦး တက်ရောက်လျက် ရှိပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဝါးလက်မှု ကျွမ်းကျင်သူ သင်တန်းဆရာ(၂)ဦးက (၁၉-၂-၂၀၂၄) ရက်နေ့မှ (၂၅-၂-၂၀၂၄)ရက်နေ့အထိ (၇)ရက်တာအတွင်း ဈေးကွက်ရရှိနေသော ဝါးလက်မှု ပစ္စည်းများ ပြုလုပ်ခြင်း နည်းလမ်းကို သင်ကြားပို့ချမည်ဖြစ်သည်။