ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ သစ်တောလုပ်ငန်းများနှင့် ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၄-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ခံဝန်ထမ်းများ နှင့် တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတော များထိန်းသိမ်းကာကွယ်ရေး၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်နှင့် သတ္တုများ ထုတ်ယူသယ်ဆောင်ခြင်းများအား ကာကွယ်တာဆီးရေးနှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စည်းကမ်းပြည့်ဝ သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်နှင့် အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့နယ်ရှိ ရှမ်းချောင်း သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ၂၀၂၄ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးပင် ၆၈,၀၀၀ ပျိုးထောင်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

  နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ နတ်သမီးရေတွင်းကျွန်းရှိ အဏ္ဏဝါပုလဲကုမ္ပဏီသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက နတ်သမီးရေတွင်းကျွန်းနှင့် ဆက်စပ်ဧရိယာအတွင်း ပုလဲမွေးမြူထုတ်လုပ်နေမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အခန်းကဏ္ဏတစ်ခုအနေဖြင့် ပါဝင်နေကြောင်း၊ နှစ်စဉ် လျာထားချက်နှင့် ထုတ်လုပ်မှုကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန်အောင် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း မှာကြားသည်။ တို့နောက် ဒေသဖွံ့ဖြိုးရေးအတွက် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ စာသင်ကျောင်းများ ပြုပြင်မွမ်းမံရန်နှင့် ကျေးလက်ဆေးပေးခန်းများ ဆောက်လုပ်ရန်အတွက်  ထောက်ပံ့ကြေးငွေများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကျေးရွာများမှ ကိုယ်စားလှယ် များအား အသီးသီးပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သားဖောက်ခန်းအတွင်း မုတ်ကောင်သားဖောက်မွေးမြူနေမှု အခြေအနေနှင့် မုတ်ကောင်အတွင်း ဝတ်ဆံသွင်းပုလဲမွေးမြူမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

   ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေး နှင့်‌ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲလုပ်ငန်းဖြစ်ပေါ်တိုးတက်လာမှု၊ သားဖောက်မုတ်ကောင်မှ ပုလဲ ထုတ်လုပ်မှုအဆင့်ဆင့်၊ ဌာနနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီများ၏ နှစ်အလိုက် ပုလဲထုတ်လုပ်မှုနှင့် ရောင်းချမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ ထွက်ရှိသော တောင်ပင်လယ်ပုလဲသည် ကမ္ဘာတွင် အရည်အသွေးကောင်းမွန်ပြီး စျေးကွက်လိုအပ်ချက် မြင့်မားလာသောကြောင့် မြန်မာ့ပုလဲ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဌာန၏ချမှတ်ထားသော ရေရှည်မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်တွင်း/ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်မှာကြားသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပုလဲကျွန်းစခန်း ဝန်ထမ်းအိမ်ရာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။