ဦးစီးအရာရှိ စွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ

    ဦးစီးအရာရှိ စွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁၂) ဖွင့်ပွဲအခမ်းအနားကို ၂၆.၂.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင်သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူတက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောများထာဝစဉ်တည်တံ့စေရေးစီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေခြင်းလုပ်ငန်းများဖော်ဆောင်ရာတွင် မြို့နယ် အဆင့်သည် အခြေခံအကျဆုံး အဆင့်ဖြစ်ပြီး၊ မြေပြင်လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နေရခြင်း၊ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက် ဆံနေရခြင်းတို့ကြောင့် ဦးစီးဌာနတစ်ခုလုံး၏ တိုးတက်အောင်မြင်မှု၊ ထိုမှတစ်ဆင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ အောင်မြင်မှုများအတွက် အဓိကကျသည့် အဆင့်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး စိုက်ခင်းများ တည်ထောင်ခြင်း၊ မြစ်ချောင်းများ ဘေးဝဲ၊ယာတစ်လျှောက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ အာဆီယံလမ်းမကြီးနှင့် ရထားလမ်း ဘေးဝဲ၊ယာ သစ်ပင်စိုက်ပျိုးခြင်း၊ လူတိုင်းသစ်ပင် စိုက်ပျိုးနိုင်ရေးပေါင်းစပ်ဆောင်ရွက်ခြင်း၊ တောင်ထိပ်များတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း၊ ကျေးလက်နေပြည်သူများ၏ ထင်းလောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျေးရွာထင်းစိုက်ခင်း တစ်ရွာ(၂)ဧကစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်အောင်ဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်းပြောကြားသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊  ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ကြသည်။