ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ ပုလဲထုတ်ယူမှုလုပ်ငန်းများနှင့် ကော့သောင်းမြို့နယ်အတွင်း တည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၅-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းစခန်းအတွင်း မုတ်ကောင်များ သားဖောက်မွေးမြူနေမှု နှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့်၊ ဝတ်ဆံသွင်းမုတ်ကောင် များအားထိန်းသိမ်းထားမှု၊ မုတ်ကောင်များအတွင်းမှ ပုလဲထုတ်ယူမှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေး ပြီး ဌာန၏ နှစ်အလိုက် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

   ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်အတွင်းတည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားမှုအခြေအနေများနှင့် အဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဘိချောင်းကမ်းဘေးတစ်လျှောက် သဲသောင်ခုံတော၊ အပူပိုင်းအမြဲစိမ်းမိုးသစ်တောနှင့် ဒီရေတောစသည့် မတူညီသော တောအမျိုးအစား ၃ မျိုး တစ်နေရာတည်းတွင် ပေါက်ရောက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အလားအလာရှိသော နေရာများတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်များ ထပ်မံတည်ထောင်သွားရန်၊ မတူညီသော ‌‌‌ဂေဟစနစ်အမျိုးမျိုးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးပျောက်ကွယ်မှုမရှိအောင် ကာကွယ် စောင့်ရှောက်ရန်နှင့် တည်ရှိနေသော တောတောင်သဘာဝအလှအပများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားရန် မှာကြားသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ လန်ပိကျွန်းရှိ မကြုံဂလက် ဆလုံတိုင်းရင်းသား ကျေးရွာသို့ သွားရောက်၍ ဒေသခံဆလုံတိုင်းရင်းသားများနှင့် တွေ့ဆုံပြီး လန်ပိကျွန်းနှင့် ပတ်ဝန်းကျင်ဒေသသည် ဒေသခံဆလုံတိုင်းရင်းသားများ၏ လူနေမှုနှင့် ယဉ်ကျေးမှု ဓလေ့များ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ သဘာဝတောတောင်များဖြင့် သာယာ လှပသော နေရာတစ်ခုဖြစ်၍ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အရေးပါသော နေရာတစ်ခု ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်ပြီး ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကူညီထိန်းသိမ်းပေးကြရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြုံဂလက်ကျေးရွာနှင့် ကိုဖော့ကျေးရွာရှိ ဆလုံတိုင်းရင်းသား အိမ်ထောင်စုများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် စာသင်ကြားမှု အထောက် အကူပြုပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

   နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ ရွှေကျွန်းရှိ ဘဲပါးလ် မြန်မာကုမ္ပဏီသို့ သွားရောက်၍ မုတ်ကောင်သားဖောက်မွေးမြူမှုနှင့် ဝတ်ဆံသွင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ စိန့်လုခ်ကျွန်းရှိ အန်ဒါမန် ပါးလ်ကုမ္ပဏီသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပင်လယ်ပြင်တွင် လောင်းလိုင်းများဖြင့် မုတ်ကောင်များ မွေးမြူထားမှုအ‌ခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။