AFoCO RETC ကျောင်း၌ ဖျက်ပိုး/ရောဂါကျရောက်မှုအား ကွင်းဆင်းစာရင်းကောက်ယူခြင်း သင်တန်းဖွင့်လှစ်

  ပဲခူးတိုင်းဒေသကြီးတွင် တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ်သည့် ဖျက်ပိုးနှင့် ရောဂါများအား ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ခြင်း စီမံကိန်း(AFoCO/ 014/ 2020)၏ “ဖျက်ပိုး/ရောဂါကျရောက်မှုအား ကွင်းဆင်းစာရင်းကောက်ယူခြင်း သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ၀၉:၃၀ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ CFDTC(မှော်ဘီ)မှ ကျောင်းအုပ်ကြီး၊ AFoCO RETC မှ တာဝန်ရှိသူများ၊ တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်း (TNRP)မှ  စီမံကိန်းညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ သင်တန်းဆရာနှင့် သင်တန်းသား၊ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။

  “ဖျက်ပိုး/ရောဂါကျရောက်မှုအား ကွင်းဆင်းစာရင်းကောက်ယူခြင်း သင်တန်း”သည် ပဲခူးတိုင်းဒေသကြီးရှိ သစ်တောဝန်ထမ်းများအား ဦးတည်လျက် ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ်သော ဖျက်ပိုးနှင့် ရောဂါများအား ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ရန် အတွက် နယ်မြေသစ်တောဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ ကျွန်းစိုက်ခင်း များတွင် ကျရောက်တတ်သော ဖျက်ပိုးရောဂါများအား အမျိုးအစား ခွဲခြားတတ်စေရန် စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးရန်နှင့် ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ်သော ဖျက်ပိုးနှင့် ရောဂါများအား ဘက်ပေါင်းစုံ ကာကွယ်နှိမ်နင်းခြင်း၊ နည်းလမ်းများဖြင့် စနစ်တကျကာကွယ်နှိမ်နင်း နိုင်စေရန် ရည်ရွယ်၍ ကျင်းပဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

    အဆိုပါ သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ရှိ မြို့နယ် ပေါင်း(၁၁)မြို့နယ်မှ တောအုပ်၊ တောခေါင်း သင်တန်းသားစုစုပေါင်း(၂၀)ဦး တက်ရောက် လျက်ရှိပြီး သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ အပင်ရောဂါ ဗေဒကျွမ်းကျင်သူ သင်တန်းဆရာ (၁၀)ဦးက (၂၆-၂-၂၀၂၄) ရက်နေ့မှ (၁-၃-၂၀၂၄)ရက်နေ့အထိ (၅)ရက်တာအတွင်း ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ်သော ဖျက်ပိုးနှင့် ရောဂါပိုးများအကြောင်း နှင့် ကွင်းဆင်းစာရင်း ကောက်ယူခြင်းနည်းလမ်းများကို သင်ကြားပို့ချမည်ဖြစ်ပါသည်။