ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ သဘာဝငှက်သိုက်ကျွန်းများ ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေနှင့် မြို့မသစ်တောပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားသော ပျိုးပင်များ၏ အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

     သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၆-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြင်းခွာကျွန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွင်း နှစ်အလိုက် သဘာဝနှင့် အိမ်မွေးငှက်သိုက် ထွက်ရှိမှုအခြေအနေနှင့် ငှက်သိုက်ကျွန်းများအား ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဇီဝဇိုးငှက်များ လာရောက်ကျက်စားနားခိုရာ ကျွန်းများ၏ ‌ဂေဟစနစ်မပျက်အောင် ဆက်လက် ထိန်းသိမ်းသွားရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် သာယာလှပသော ကျွန်းပေါင်းများစွာ တည်ရှိနေသည့်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် များစွာအရေးပါသော နေရာတစ်ခုဖြစ်ကြောင်း၊ တည်ရှိနေသော ‌‌ဂေဟစနစ်နှင့် အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများ တိမ်ကော ပျောက်ကွယ်မှု မရှိအောင်၊ နေရင်းဒေသများ ပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံများပါ ပူပေါင်းပါဝင် ဆောင်ရွက်လာစေရန် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သဘာဝငှက်သိုက်များထွက်ရှိရာ ကော့ငါး/ကဆိုင်းလှကျွန်းနှင့် ကြက်မောက်ကျွန်းတို့အား ထိန်းသိမ်းထားမှုအခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

     နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံးတွင် ခရိုင်/မြို့နယ် တာဝန်ခံများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် ဌာန၏လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်ရှိ သစ်ပင်စိုက်ပျိုးပွဲများတွင် စိုက်ပျိုးခဲ့သောအပင်များ၏ ရှင်သန်အောင်မြင်မှုအခြေအနေနှင့် မြို့မသစ်တောပျိုးဥယျာဉ်အတွင်း ၂၀၂၄ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် ပျိုးထောင်ထားသော ပျိုးပင်များ၏ အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။