ရေအသုံးချခြင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာပေးခြင်းစီမံကိန်း (MLC Education Project)၏ ရေအရည်အသွေးဆန်းစစ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်

  ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအသိပညာပေးခြင်းစီမံကိန်း (MLC Education Project)၏ ရေအရည်အသွေးဆန်းစစ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၈-၂-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ရေအရည်အသွေးဓာတ်ခွဲခန်း သစ်တောသုတေသနဌာန၊ ရေဆင်း၌ ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး အဖွင့်အမှာစကားပြောကြားသည်။

  အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဒေသ ခံများအသုံးပြုလျက်ရှိသော ရေ၏အရည်အသွေးအခြေအနေနှင့် ရေသုံးစွဲမှုနည်းစနစ်များ အားဆန်းစစ်လေ့လာရန်၊ စိတ်ချယုံကြည်ရသော သောက်သုံးရေနှင့် ရေညစ်ညမ်းမှုအခြေအနေတို့ အပေါ်သိရှိမှုအား လေ့လာဆန်းစစ်ရန်၊ ညစ်ညမ်းစေသောအကြောင်းအရာနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းစဉ်များအား အသိပညာတိုးမြှင့်ပေးနိုင်ရန်နှင့် မဲခေါင် ဒေသအတွင်း နိုင်ငံများအချင်းချင်း ရေသယံဇာတလုံခြုံစိတ်ချစေမည့် နည်းလမ်းများဆောင်ရွက် ခြင်းအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း၊

  မဲခေါင်မြစ်ဝှမ်းဒေသအတွင်း လူဦးရေတိုးပွားလာသည်နှင့်အမျှ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လူနေအိမ်ခြေတိုးချဲ့ဆောက်လုပ်ခြင်း၊ ရေဝေရေလဲဧရိယာအတွင်း စိုက်ပျိုးမြေ များတွင် ဓာတုမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အလွန်အကျွံ့သုံးစွဲခြင်းတို့ကြောင့် မြစ်၏ဂေဟစနစ်ကို ထိခိုက်လာစေပါကြောင်း၊ သင်တန်းမှပို့ချသည့် သင်ခန်းစာများအား လေ့လာ မှတ်သားပြီး စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိလာမည့် ရေအရည်အသွေးဆန်းစစ်ခြင်းနှင့် ဆက်စပ်သောအသိပညာ၊ နည်းပညာများကို အားသွန်ခွန်စိုက် လေ့လာပြီး မိမိတို့၏လုပ်ငန်းခွင်၊ မိမိတို့ဌာနအသီးသီးအတွက်နှင့်   နိုင်ငံ့အတွက် အကျိုးရှိအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။

   သင်တန်းသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားဓာတ်ခွဲခန်းမှသင်တန်းဆရာမနှင့် သစ်တောသုတေသနဌာနမှ အရာထမ်း/ အမှုထမ်းများ၊ သင်တန်းသား/သူ(၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။