ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ “နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း” စီမံကိန်းပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း” ပိတ်ပွဲ အခမ်းအနားကို ၂၉.၂.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုစီမံကိန်းကာလ ၂ နှစ် နှင့် ၆ လတာ ကာလအတွင်း လေထုအရည်အသွေးဆိုင်ရာ အဓိက Parameter ၁၁ မျိုးနှင့် ရာသီဥတု ဆိုင်ရာ Parameter ၆ မျိုးအား တိုင်းတာနိုင်သည့် ရွေ့လျားလေထုအရည်အသွေး တိုင်းတာရေး စက်ကိရိယာများဝယ်ယူပြီး မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံများ၏ နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် လေထုအရည်အသွေးတိုင်းတာခြင်းဆိုင်ရာသင်တန်း၊ ရွေ့လျားလေထုအရည်အသွေး တိုင်းတာရေးစက်ကိရိယာ ကိုင်တွယ်အသုံးပြုခြင်းသင်တန်းနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

   နှစ်စဉ် ပွင့်လင်းရာသီတွင် တွေ့ကြုံရသည့် တောမီးလောင်ကျွမ်းခြင်းနှင့် အခြားမီးလောင် ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများအား ဖြေရှင်းဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တောမီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံရုံးမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

  ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြသထားသော ပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိ သူများက ရှင်းလင်းတင်ပြသည်။ အဆိုပါ စီမံကိန်းအား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ စီမံကိန်းကာလ ၂ နှစ်၊ ၆ လ သတ်မှတ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။