AFoCO RETC ၏ မီးဘေးလုံခြုံရေးသင်တန်း ဖွင့်လှစ်

   မီးဘေးအန္တရာယ်ဖြစ်ပေါ်စေတတ်သော နွေကာလသို့ ရောက်ရှိလာပြီဖြစ်၍ AFoCO RETC သင်တန်းကျောင်း မှော်ဘီမြို့ မီးဘေးလုံခြုံရေးအတွက် စီမံချက်နှင့်အညီ ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရန်အတွက် မှော်ဘီမြို့နယ်၊ မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများအား ဖိတ်ကြား၍ “မီးဘေးအန္တရာယ် ကာကွယ်ရေး ဟောပြောခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်း”ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် ၀၉:၀ နာရီ တွင် ကျင်းပခဲ့ပါသည်။

   “မီးဘေးအန္တရာယ် ကာကွယ်ရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း” အား AFoCO RETC စီမံကိန်း သင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာများအား မီးဘေးအန္တရာယ်မှ ကာကွယ်ရန်၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ချက်ချင်းဆောင်ရွက်ရမည့် နည်းလမ်းများ ကို ဝန်ထမ်းအားလုံး သိရှိနားလည်ဆောင်ရွက်တတ်စေရန်နှင့် သင်တန်းကျောင်းရှိ အရေး ပေါ် မီးငြှိမ်းသတ်ရေး အသုံးအဆောင်နှင့် ပစ္စည်းများကို ဝန်ထမ်းများမှ ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

     အဆိုပါ သင်တန်းသို့ AFoCO RETC မှ (၂၅)ဦး၊ CFDTC (မှော်ဘီ)မှ (၅)ဦး၊ FRI သစ်တောစခန်းမှ (၅)ဦးနှင့် မှော်ဘီမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ (၁၂)ဦး၊ စုစုပေါင်းအင်အား (၄၇)ဦး တက်ရောက်ခဲ့ကာ မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တက်ရောက်သူဝန်ထမ်းများအား မီးသတ် တပ်ဖွဲ့ဝင်များက ကြီးကြပ်လျက် သင်တန်းကျောင်း မီးသတ်ယာဉ်၊ အရေးပေါ် မီးသတ်ပိုက်၊ မီးသတ်ဆေးဗူးများ အသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။