ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များအား သွားရောက်ကြည့်ရှုစစ်ဆေး

        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ မတ်လ ၁၁ ရက် နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ခရိုင်/မြို့နယ်အဆင့် ဌာနများမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးသည်။

       တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တောမီးလောင်ကျွမ်းမှုသည် သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ ရေခမ်းခြောက်ပြီး မြေအရည်အသွေးကျဆင်းခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေသည့်အပြင် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းပြီး လူသားများ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၇ သန်းခန့် သေဆုံးနေကြရကြောင်း၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် တောမီးလောင်ကျွမ်းမှုကာကွယ်ခြင်း၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေးစွန့်ပစ် အမှိုက်များအားမီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းအား အခြားစိုက်ပျိုးရေးနည်းစနစ်များဖြင့် အစားထိုးအသုံးပြုခြင်း၊ ပေါ့ဆမီးလောင်မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းများကို ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

       ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး၊ တောမီးအန္တရာယ်ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

       ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မီးလောင်မှု Fire Hotspot များလျှော့ချနိုင်ရန်အတွက် ခရိုင်အလိုက်ဖွဲ့စည်းပေးထားသော မီးလောင်ကျွမ်းမှု ကာကွယ်ထိန်းချုပ်ရေးကော်မတီများက မိမိတို့ ခရိုင်/မြို့နယ်အတွင်း တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများအား ကာကွယ်တာဆီးနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။

       နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဓာတ်သတ္တုလုပ်ကွက်များသွားသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။ ထို့နောက် မိုင်းယုကြိုးဝိုင်း၊ အကွက် အမှတ် (၁၅) အတွင်းစိုက်ပျိုးထားသော ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၅) ဧကအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက နှစ်အလိုက်စိုက်ပျိုးခဲ့သော ‌‌ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ၏ ရှင်သန်မှုအခြေအနေ၊ ဆက်လက်စိုက်ပျိုးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားသည်။

       မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မိုင်းဖြတ်မြို့နယ်ရှိ ကျွန်းသစ်စေ့ထုတ်ဧရိယာ (၅)ဧကသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျွန်းစိုက်ခင်းများ တည်ထောင်စိုက်ပျိုးရာတွင် အောင်မြင်မှုရရှိနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် ကျွန်းသစ်စေ့များရရှိရေးသည် အရေးကြီးသည့်အတွက် သစ်စေ့ထုတ်ဧရိယာများ တိုးချဲ့တည်ထောင်သွားရန် မှာကြားသည်။ ထို့နောက် မိုင်းဖြတ်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု များအားကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။