“သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထိန်းသိမ်းရေး တို့၏ ဆုံမှတ်”စာအုပ်မိတ်ဆက်ပွဲ နှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

  (၁၅-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် “သစ်တောများအားမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း”၏ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း စာအုပ်မိတ်ဆက်ပွဲနှင့်သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ ဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

  ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူဦးရေ၏ ၈၀% ခန့်သည် ကျေးလက်တွင်နေထိုင်ပြီး သဘာဝသစ်တော သယံဇာတများအပေါ် မှီခိုနေကြ ရသဖြင့် တစ်ရွာ(၂)ဧက ကျေးထင်းစိုက်ခင်းများ၊ အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်း နှင့်သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစသည့်လုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် အသိပညာပေးခြင်း၊ နမူနာပြ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်များ ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ယခုမိတ်ဆက်မည့် သီးနှံသစ်တောရောနှောစိုက်ပျိုး ခြင်းစာအုပ်သည် သစ်ပင်သစ်တောများနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်နိုင်မှု၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်များနှင့် ထည့်သွင်းစိုက်ပျိုးသင့်သည့် အပင်များအပါအဝင် ၎င်းတို့၏ ဝိသေသလက္ခဏာများ ရှင်းလင်းစွာဖော်ပြထားသဖြင့် အကြံပြုချက်များရှိပါက တင်ပြပေးစေလိုကြောင်း၊ တက်ရောက်လာသူများမှ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ အတွေ့အကြုံများဖလှယ်ရင်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။