ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ “ခရိုင်သစ်တောအရာရှိများစီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၉)” နှင့် “တောအုပ်ကြီး လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၂/၂၀၂၄)” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

  ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၉) နှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ယခုနှစ်တွင် ကျောင်းဆင်းပြီး လုပ်ငန်းခွင်ဝင်မည့် တောအုပ်ကြီး လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၂/၂၀၂၄)  ဖွင့်ပွဲအခမ်းအနားကို (၁၈-၃-၂၀၂၄) ရက်နေ့၊  နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သစ်တောထိန်းသိမ်းရေး၊ သစ်တောများ စီမံအုပ်ချုပ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့သစ်တောစီမံအုပ်ချုပ်မှု၏ Forest Management Unit တွင် ဆောင်ရွက်နေကြသော ခရိုင်သစ်တောအရာရှိများနှင့် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ကြမည့်‌ တောအုပ်ကြီးများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်နှင့်အညီ သစ်တောသယံဇာတများကို အကောင်းဆုံးစီမံခန့် ခွဲနိုင်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ဌာနလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ သစ်တောပြုန်းတီးမှု လျော့ နည်းစေရေးနှင့် သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးလုပ်ငန်းများတွင် အလေးထားဆောင်ရွက် သွားရန်လိုကြောင်း၊

  အမျိုးသားသစ်တောကဏ္ဍနှစ်(၃၀)ပင်မစီမံကိန်းအရ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးအတွက် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများ၊ ဒီရေတောများ ကာကွယ်ထိန်းသိမ်းရေးလုပ် ငန်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ၊ တရားမဝင်သစ် ဖမ်းဆီးရေးလုပ်ငန်းများ၊ ကားလမ်းဘေးဝဲယာနှင့် မြစ်ချောင်းများ ဘေးဝဲယာတစ်လျှောက် စိမ်းလန်းစိုပြည်ရေး၊ အာဆီယံလမ်းမကြီးနှင့် ရထားလမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးလက်နေပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်းလုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်း မှုထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆက်စပ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပါသည်။

  မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်တွင် ဖွင့်လှစ်ပို့ချလျက်ရှိသော ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်းသို့ သွားရောက်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား ၉၀ ဦးအား In Person / Online စနစ်ဖြင့် သင်ကြားပို့ချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။