ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖွင့်ပွဲအခမ်းအနားကျင်းပ

        ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖွင့်ပွဲအခမ်းအနားကို (၂၀-၃-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီးတို့ တက်ရောက် အဖွင့် အမှာစကားပြောကြားသည်။

         ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဘူမိဥယျာဉ် (Geopark) သည် ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံးတမ်းများ၊ ဒေသထွက်ကုန်များနှင့် ရေမြေတောတောင်သဘာဝအလှတို့ကို စနစ်တကျ ထိန်းသိမ်း ကာကွယ်ထားပြီး ပညာပေးရေး၊ သုတေသနဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စနစ်တကျ စီမံအုပ်ချုပ်ထားသည့် နိုင်ငံအဆင့်အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း၊

        ဝန်ကြီးဌာနအနေဖြင့် ရေရှည်မျှော်မှန်းချက်ဖြစ်သော နိုင်ငံဧရိယာ၏ (၁၀)% ကို သဘာဝ ထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိရာတွင် ယနေ့အချိန်ထိ သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉) ခု၊ နိုင်ငံဧရိယာ၏ (၆.၄၂)% ကို ဖွဲ့စည်းသတ်မှတ်ပြီးဖြစ်ကြောင်း၊ အမျိုးသားဆင့်ဘူမိဥယျာဉ်မှတစ်ဆင့် ကမ္ဘာ့အဆင့် ဘူမိဥယျာဉ် သတ်မှတ်ခံရရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပါသည်။

         ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီးက ပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် ပုပ္ပားတောင် ဘေးမဲ့တော၊ ရွှေဥဒေါင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ပြင်ဦးလွင်သားငှက်ဘေးမဲ့တော၊ လောကနန္ဒာဘေးမဲ့တော၊ မင်းစုံတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော စသည့် သဘာဝထိန်းသိမ်း ရေးနယ်မြေများစွာရှိပြီး ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်သည်  မြန်မာနိုင်ငံ၏ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ပထမခြေလှမ်းအနေနှင့် စတင်ဖွင့်လှစ်နိုင်ခဲ့သလို ဆက်လက်၍ အလားအလာရှိသော သယံဇာတပေါကြွယ်ဝပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိရာနေရာများကိုလည်း ဘူမိဥယျာဉ်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်  ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။