ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်း စောင့်ကြည့်အကဲဖြတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတက်ရောက်

        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)တို့ပူးပေါင်း၍ ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC) ၏အစီအစဉ်ဖြင့် တောင်အာရှနှင့်အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ) စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြု လုပ်သည်။

        ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေပြည်သူများဖြစ်ပြီး ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲလျက်ရှိရာ ကျေးလက်နှင့် မြို့ပြပြည်သူများ၏ နှစ်စဉ်ထင်းလိုအပ်ချက်မှာ ကုဗတန် ၁၇ သန်း (စုစုပေါင်းစွမ်းအင်ပမာဏ၏ ၇၆ ရာခိုင်နှုန်း) ခန့် ရှိကြောင်း၊ ထင်းလောင်စာလိုအပ်ချက် မြင့်မားလာခြင်းသည် သစ်တောသယံဇာတ ရေရှည်တည်တံ့စေရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကတွေ့ကြုံရသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း၊

        အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ထင်းလောင်စာသုံးစွဲမှု လျော့ချနိုင်ရေးအတွက် စီမံကိန်းကာလအတွင်း စီမံကိန်းခရိုင်တစ်ခုလျှင် စွမ်းအားမြှင့်မီးဖို (၉၀၀၀၀) လုံးနှုန်းနှင့် ခရိုင်(၆)ခရိုင်တွင် စုစုပေါင်း (၅၄၀၀၀၀)လုံး ဖြန့်ဝေရန်လျာထားပြီး လက်ရှိကာလအထိ စွမ်းအားမြှင့် E-FrEEE မီးဖို စုစုပေါင်း (၄၃၈,၈၃၁)လုံး ဖြန့်ဝေပြီးဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်မှ ယနေ့ချိန်အထိ စွမ်းအားမြှင့်မီးဖို (၇၇၄,၇၈၈) လုံးကျော်အား ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စွမ်းအားမြှင့်မိုးဖိုဖြန့်ဝေခြင်းအား ပိုမို၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း‌ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကာလအတွင်း စောင့်ကြည့် အကဲဖြတ်ရလဒ်များအပေါ်အ‌ခြေခံ၍ ပိုမိုကောင်းမွန်သော ရလဒ်များရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ NDCs ကတိကဝတ်အရ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ် အထိ စွမ်းအားမြှင့်အေဝမ်းမီးဖို (၂၇၁,၄၇၉)လုံး ဖြန့်ဝေရန် လျာထားပြီး ယနေ့အချိန်ထိ (၂၄၂,၅၇၁)လုံး ဖြန့်ဝေပြီးစီးသည့်အတွက် ရည်မှန်းချက်၏  ၈၉.၃၅% ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ E-FrEEE မီးဖို ဖြန့်ဝေမှုမှာ ရည်မှန်းချက်၏  ၈၁.၂၇ %  ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ စီမံကိန်းကာလ (၃)နှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှုတန်ပမာဏ စုစုပေါင်း (၄၈၅,၀၈၅) တန် လျှော့ချနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားပါသည်။

        ထို့နောက် တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်မှု အခြေအနေရှင်းလင်းတင်ပြခြင်းနှင့် စွမ်းအားမြှင့်မီးဖိုသုံးစွဲမှုနှင့်ပတ်သက်သော သုတေသနစာတမ်းများအား ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြသည်။

        ယခုစီမံကိန်းမှာ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေသုံးစွဲခြင်းအားဖြင့် ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ခြင်းနှင့် သဘာဝတောကျန်များထိန်းသိမ်းရေးကို အထောက်အကူပြုစေပြီး၊ မြန်မာနိုင်ငံအနေဖြင့် United Nations Framework Convention on Climate Change (UNFCCC) နှင့် ချိတ်ဆက်၍ ပထမဦးဆုံး ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချခြင်းသက်သေခံချက် - CER ရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် United Nations - Clean Development Mechanism (UN-CDM) စီမံကိန်း တစ်ခုဖြစ်သည်။

       အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။