ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း” စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၉-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီး အကဲများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆက်စပ် ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလ ၂၀၂၃ အောက်တိုဘာမှ ၂၀၂၅ စက်တင်ဘာလအထိ ၂ နှစ်ကြာမြင့်မှာဖြစ်ကြောင်း၊ စီမံကိန်းအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများအား သုတေသနပြု လေ့လာ ဖော်ထုတ်ခြင်း၊ ဌာနေတိုင်းရင်းသားလူမျိုးစုများ အသုံးပြုသော သဘာဝဆေးဖက်ဝင် အပင်များအား လေ့လာမှတ်တမ်းပြုစုခြင်း၊ ရှားပါး၍ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ်များ၊ ဒေသရင်းမျိုးစိတ်များ၊ စီးပွားရေးအရ အ‌ရေးပါသောမျိုးစိတ်များအား ကာကွယ်ထိန်းသိမ်းခြင်း၊ သုတေသန တွေ့ရှိချက် ရလဒ်များကို မဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database စနစ်တစ်ခု တည်ထောင်ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ယခု စီမံကိန်းအား ဌာနေတိုင်းရင်းသားလူမျိုးစုများ၊ သစ်တောဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများ  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနတွေ့ရှိချက်များကို အခြေခံ၍ သဘာဝဆေးဖက်ဝင် အပင်များအား စနစ်တကျစီမံအုပ်ချုပ်နိုင်မည့် သင့်တော်သောထိန်းသိမ်းကာကွယ်ခြင်း နည်းလမ်းများကို ဌာနေတိုင်းရင်းသားလူမျိုးစုများအား ဖြန့်ဝေသွားနိုင်မည်ဖြစ်ကြောင်း၊

ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပါဝင်သည့် သုတေသနလုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေးကြမည်ဖြစ်ပြီး တက်ရောက်လာကြသူများကလည်း စီမံကိန်း မျှော်မှန်းချက်များ ပြည့်စုံအောင်မြင်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းဧရိယာအတွင်း ကနဦး လေ့လာတွေ့ရှိထားသော ဆေးဖက်ဝင်အပင်များ ပြသထားမှုအား ကြည့်ရှုစစ်ဆေးသည်။