အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောကြပ်များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

        "တောကြပ်များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁)" သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၃-၃-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်သူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

        ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးတွင် ခန့်အပ်ခဲ့သည့် တောကြပ်ဝန်ထမ်းအသစ် (၂၄) ဦးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ခန့်အပ်ခဲ့သည့် တောကြပ် ဝန်ထမ်းအသစ် (၁၁) ဦး၊ စုစုပေါင်း တောကြပ်သင်တန်းသား (၃၅) ဦးအတွက် ဖွင့်လှစ်သည့် လုပ်ငန်းခွင်ဝင် အကြိုသင်တန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းဒေသများ၏ သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား‌ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်စေရန် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့ရာ ယခုအချိန်တွင် (၂၆) နှစ်ကျော်ကာလအတွင်း ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ဌာန၏ စ.ထ.ထ.ရ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် မြို့နယ်ဝန်ထမ်းများနှင့်  လက်တွဲလုပ်ကိုင် ကြရမည့် သင်တန်းသားတောကြပ်များအနေဖြင့် ဝန်ထမ်းသစ်များဖြစ်ကြသည့်အတွက် နိုင်ငံ့ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို နားလည်သဘောပေါက်စေရန်၊ နိုင်ငံဝန်ထမ်းတစ်ဦးအဖြစ် ခံယူချက်များမှန်ကန်စေရန်၊ ဌာန၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို သိရှိနားလည်ပြီး ဌာနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့တတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာများနှင့်  ပေါင်းစပ်၍ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးကို အထိရောက်ဆုံး သယ်ပိုးနိုင်ရန်အတွက် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်ပြီး ယခုကဲ့သို့ တောကြပ်များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁) ကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

         ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် သင်တန်းတစ်ခုဖွင့်လှစ်သည့် နေရာတွင် အချိန်၊ ငွေအား၊ လုပ်အားနဲ့  ဉာဏအားများ များစွာစိုက်ထုတ်ဆောင်ရွက်ကြရ၍ သင်တန်းသားများ အနေဖြင့် သင်တန်းမှ ချမှတ်ထားသည့် စာသင်ဆောင် စည်းကမ်း၊ စားသောက်ဆောင်စည်းကမ်း၊ အိပ်ဆောင်စည်းကမ်းနှင့် ဝတ်စားဆင်ယင်မှုမှအစ နေထိုင်သွားလာမှုစည်းကမ်းများကို အလေးထား လိုက်နာကြရန်၊ သင်တန်းမှပို့ချချက်များကို မိမိတို့တာဝန်ကျရာဒေသများတွင် အကျိုးရှိစွာ ပြန်လည် အသုံးချနိုင်ကြရန်၊ ဘာသာရပ်များအားလုံးကို စိတ်ပါဝင်စားစွာနှင့် ကြိုးကြိုးစားစား သင်ယူကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် သင်တန်းကာလတစ်လျှောက် စည်းကမ်းလိုက်နာမှု၊ သင်ယူ တတ်မြောက်မှုများကို အကဲဖြတ် ဆန်းစစ်သွားမည်ဖြစ်သည့်အတွက် ဘာသာရပ်အလိုက် အလေး ထားလေ့လာမှတ်သားကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသားများ ရရှိခဲ့သည့် ဆန်းစစ်ချက်ရလဒ်များကို သင်တန်းသား တစ်ဦးချင်း၏ စွမ်းဆောင်မှုအဖြစ် မှတ်တမ်း တင်ထားရှိမည်ဖြစ်ပါကြောင်း၊ ထိုရလဒ်များကို အခြေခံ၍ ထူးချွန်ဆုများလည်း ချီးမြှင့်သွားမည်ဖြစ် ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ လုပ်ငန်းများသည် အပူပိုင်းဒေသ၏ ရေ၊ မြေ သဘာဝဝန်းကျင်ကို တိုးတက်ကောင်းမွန်စေရန်နှင့် ကျေးလက်နေ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အစရှိသည့် ရည်ရွယ်ချက်ကောင်း များစွာနှင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အင်မတန်မွန်မြတ်သည့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိတို့၏ ဌာနလုပ်ငန်းများကို တန်ဖိုးထား၍ ဌာနအကျိုး၊ နိုင်ငံတော်အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြပြီး စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာရန် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။