ရန်ကုန်တိုင်းဒေသကြီး၊ မြေတိုင်းဦးစီးဌာနရုံး၊ ကောင်းကင်မြေတိုင်းနှင့် ဓာတ်ပုံဌာနခွဲ လုပ်ငန်းဆောင်ရွက်မှုများအား ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း သွားရောက် ကြည့်ရှုစစ်ဆေး

          မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် (၂၂-၃-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြေတိုင်းဦးစီးဌာနရုံးသို့ သွားရောက်၍ ကောင်းကင်မြေတိုင်းနှင့် ဓာတ်ပုံဌာနခွဲမှ ဆောင်ရွက်နေသည့် UltraMap Software အသုံးပြု၍ OrthoPhoto ထုတ်လုပ်မှုအခြေအနေနှင့် Summit Evolution Software အသုံးပြု၍ မြေပြင်လက္ခဏာ အသေးစိတ်ရေးဆွဲနေပုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ မြေပုံထုတ်လုပ်ရေးဌာနခွဲသို့ သွားရောက်ခဲ့ပြီး မြေပုံ ပုံနှိပ်ခြင်းလုပ်ငန်းနှင့် မြေပုံမှတ်တမ်းခန်းတွင် မြေပုံများ စနစ်တကျသိမ်းဆည်းထားရှိုမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

          ဆက်လက်၍ နေ့လည်ပိုင်းတွင် မြေတိုင်းဦးစီးဌာန(ရန်ကုန်)ရုံးရှိ အစည်းအဝေးခန်းမ၌ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ(ဒါဘာ) အခမ်းအနားအား ပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ ရုံးဝင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ Data လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရုံးစည်းကမ်းဆိုင်ရာ ကိစ္စရပ်များ၊ မြေတိုင်းပညာရပ်ဆိုင်ရာ  ကိစ္စရပ်များအားဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် မြေတိုင်းဦးစီးဌာန(ရန်ကုန်)ရှိ ဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများမှ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများ တင်ပြခဲ့ကြသည့်အပေါ် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။