၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားနှင့် မြန်မာနိုင်ငံ သစ်တောကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စကားဝိုင်းကျင်းပ

        (၂၅-၃-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ/သတ္တုရေးရာတို့ရှိ ဌာန၊ လုပ်ငန်း၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

        ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်မြန်မာနိုင်ငံသစ်တောကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် Forest and Innovation : New Solutions for a Better World - ကမ္ဘာမြေပိုမိုကောင်းမွန်ဖို့ သစ်တောများကို ခေတ်မီနည်းဖြင့် ထိန်းသိမ်းစို့ ခေါင်းစဉ်ဖြင့် Keynote Presentation တင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် Video ပြသခြင်း၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများမှ အခမ်းအနားတွင် ပြသထားသည့် ပိုစတာများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး  နေ့လယ်ပိုင်းတွင် သစ်တောဦးစီးဌာနမှ ပါရဂူဘွဲ့ရလူငယ်များ၊ အတွေ့အကြုံပြည့်ဝသည့် အရာရှိကြီးများ၊ သစ်တောကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြပါသည်။