Nationally Determined Contributions- NDCs အစီရင်ခံစာပါ ရည်မှန်းချက်များနှင့် ကတိကဝတ်များအား ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး စတုတ္ထအကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းတက်ရောက်

          မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီလျက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင် ကွန်ဗင်းရှင်း (UNFCCC) ကို ၁၉၉၂ ခုနှစ်တွင် သဘာတူလက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အဖွဲ့ဝင် ဖြစ်လာခဲ့ပါသည်။ UNFCCC ပါကတိကဝတ်များအနက်မှ ဈေးကွက်အခြေခံ မှန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျိုတိုပရိုတိုကော (နောက်ဆက်တွဲစာချုပ်) ကို ၂၀၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ကျိုတိုပရိုတိုကောမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးခဲ့သဖြင့်  ပါရီသဘောတူညီချက်ဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန်  ၂၀၁၅ ခုနှစ် တွင် ပေါ်ပေါက်လာသည့် ပါရီသဘောတူညီချက်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ တွင် လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ရောက်ရှိခဲ့ပါသည်။

          မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် တင်ပြခဲ့သည့် INDC အစီရင်ခံစာကို အခြေခံ၍ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ် (Nationally Determined Contributions – NDCs) အစီရင်ခံစာအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင်  UNFCCC ၊  NDC Registry website သို့ UNFCCC National Focal Point မှ ပေးပို့တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ NDC ပါကဏ္ဍအလိုက်ရည်မှန်းချက်ကတိကဝတ်များ ပြည့်မှီရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဆောင်ရွက်တိုးတက်မှုများ၊ ဆက်လက်ဆောင်ရွက်ရန်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းများကို တစ်နှစ်လျှင်(၂)ကြိမ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ၂၉-၃-၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီတွင် စတုတ္ထအကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ  ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ရုံးအမှတ်(၅၈) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။

         အဆိုပါညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဖိတ်ကြားထားသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ဦးစီးရုံးချုပ်)မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများမှ တာဝန်ခံအရာရှိများ၊ ကိုယ်စားတက်ရောက်သူများသည် Online မှတစ်ဆင့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          ဦးစွာပထမ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး မှ အာဆီယံနိုင်ငံများ၏ NDCs ပါ ရည်မှန်းချက်များ၊ မြန်မာ(NDCs) ပါ ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် အကောင်အထည်ဖော်ပြီးစီးမှုတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Dr.ဆန်းဝင်းက NDCs အစီရင်ခံစာပါကဏ္ဍအလိုက် ရည်မှန်းချက်များ အကောင်အထည်ဖော်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများမှလည်း ဌာနအလိုက် အစီရင်ခံစာပါ လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေများ တင်ပြဆွေးနွေးခဲ့ကြပါသည်။

          နိဂုံးချုပ်အနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး၊ NDCs ဆိုင်ရာ စတုတ္ထအကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ  ညှိနှိုင်းအစည်းအဝေးအား ညနေ (၁၆:၀၀) တွင် ရုပ်သိမ်းခဲ့ပါသည်။