သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

          သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၁.၄.၂၀၂၄) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေးဌာန)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများမှ  မိမိတို့ဌာနအလိုက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေးဌာန)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အရအသုံးငွေ စာရင်းများကိုလည်းကောင်း၊ အစည်းအဝေး ဒုတိယပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ပအကူအညီဖြင့်ဆောင်ရွက်မည့် စီမံကိန်းများ၏ Work Plan အကျဉ်းချုပ်နှင့် ပထမ(၃)လ အသေးစိတ်လုပ်ငန်း အစီအစဉ်များကို စီမံကိန်းတာဝန်ရှိသူများက အသီးသီးရှင်းလင်း တင်ပြကြပါသည်။ တင်ပြချက်များအပေါ် တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအပေါ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။