
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ၁၆-၉-၂၀၂၅ ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၉)၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံအိုဇုန်းယူနစ်အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ လေအေးပေးစက်ဆိုင်ရာပညာရှင်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၃၆)ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမင်းသူမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါ စာချုပ်၏ ပြင်ဆင်ချက် ၄ ခု ဖြစ်သော လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ မွန်ထရီရယ် ပြင်ဆင်ချက်၊ ပေကျင်းပြင်ဆင်ချက်များတွင်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် လိုက်နာရမယ့် ကတိကဝတ် တွေကို အပြည့်အဝလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မွန်ထရီယယ်နောက်ဆက်တွဲ စာချုပ်၏ ပဉ္စမမြောက်ပြင်ဆင်ချက်ဖြစ်သည့် ကီဂါလီပြင်ဆင်ချက်တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကီဂါလီပြင်ဆင်ချက်သည် အိုဇုန်းလွှာ ထိခိုက်မှု မရှိသလောက်နည်းသော်လည်း ကမ္ဘာ့ပူနွေးမှုအလားအလာမြင့်မားသော မှန်လုံအိမ်ဓာတ်ငွေ့ ဖြစ်သည့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) ကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်နှင့် ၂၀၁၆ ခုနှစ်မှာ စတင်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ (HFCs) ကို ထိန်းချုပ်ကန့်သတ်နိုင်ခြင်းဖြင့် လာမည့် ၂၁၀၀ ပြည့်နှစ်အရောက်တွင် တိုးလာနိုင်သည့် ကမ္ဘာ့အပူချိန်ပမာဏအနက် ၀.၅ ဒီဂရီစင်တီဂရိတ် လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ မွန်ထရီယယ် သဘောတူစာချုပ် အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် စာချုပ်ပါသတ်မှတ်ချက်များ၊ ကတိကဝတ်များနဲ့အညီ အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများ ထုတ်လုပ်မှု၊ သုံးစွဲမှုတွေကို ကန့်သတ်ထိန်းချုပ်ခြင်းအား အခြားကမ္ဘာ့ ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ဆောင်ရွက်လျက်ရှိပြီး အိုဇုန်းအတွင်းရေးမှူးချုပ်ရုံးမှ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ မပျက်မကွက် တက်ရာက်ဆွေးနွေးလျက်ရှိသလို မြန်မာနိုင်ငံသို့ နှစ်စဉ်တင်သွင်း အသုံးပြုနေတဲ့ ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန်(HCFCs)၊ မီသိုင်းဘရိုမိုဒ် (MBr) နှင့် ဟိုက်ဒရိုဖလူရိုကာဗွန်(HFCs) ဆိုင်ရာ Country Programme Data နဲ့ Article 7 Data Report တွေကို အိုဇုန်းအတွင်းရေးမှူးချုပ်ထံ တင်သွင်းခြင်းစတဲ့ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝတ္တရားတွေကို မပျက်မကွက် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းမှုကို ထိန်းချုပ် ကန့်သတ်ခြင်းလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိုဇုန်းလွှာပျက်စီးစေတဲ့ အအေးပေးပစ္စည်းများသုံးစွဲမှုလျှော့ချခြင်းတို့ကို ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသလို ပြည်သူတစ်ဦးတစ်ယောက်ချင်းကလည်း တက်ညီလက်ညီ ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာလျှင် ရည်မှန်းချက်ပန်းတိုင်သို့ ချောမွေ့အောင်မြင်စွာ ရောက်ရှိနိုင်မှာ ဖြစ်သောကြောင့် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ် တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားပါသည်။
ထို့နောက်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရပ်စ်၏ သဝဏ်လွှာကို ဖတ်ကြားသည့် Video ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Video၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Inger Andersen ၏ Memorial Video ပြသခြင်းအစီအစဉ်များအား ကြည့်ရှုအားပေးခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အိုဇုန်းအသိပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါ သည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပိုစတာ စိုက်ထူခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များအား ပြည်နယ်နှင့် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများကလည်း ပြည်သူလူထုထံ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။



