
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင်ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော် မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၆,၇၀၆)ဧက ရှိသောနယ်မြေကို မိုးစစ်(တိုးချဲ့)ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၄/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် သဘာဝသစ်တော များ ရေရှည်တည်တံ့စေရန်နှင့် သစ်နှင့်သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ်စနစ်တကျ ထုတ်ယူသုံးစွဲနိုင်စေရန် ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝပြီး သစ်တောဖုံးလွှမ်းမှုတိုးတက် ကောင်း မွန်စေရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။
မိုးစစ်(တိုးချဲ့)ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အထက်ရွက်ပြတ်ရောနှောတောစို သစ်မျိုးများဖြစ်သည့် ကျွန်း၊ အင်ကြင်း၊ ထောက်ကြံ့၊ ဖန်ခါး၊ သစ်ဖြူ၊ လက်ပံ၊ တောင်တမာ၊ တောသရက်၊ ကညင်၊ မအူ၊ သပြေ၊ တင်းဝါး၊ ဝါးဖြူ၊ ဝါးပိုး၊ သိုက်ဝါး၊ တောင်ကြိမ်၊ ကြိမ်နီစသည့် ဒေသမျိုးရင်းများအား ထိန်းသိမ်းနိုင်မည့်အပြင် ဂျီ၊ ဆတ်၊ ပြောင်၊ စိုင်၊ မျောက်၊ တောကြောင်၊ တောကြက်နှင့် ကျေးငှက်မျိုးစုံစသည့် တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသများ အား ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ဒေသအခေါ် ခနွဲ့ချောင်းရေဝေရေလဲဧရိယာအား ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါး၊ ကြိမ် နှင့် အခြားသစ်တောထွက်ပစ္စည်းများအား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုး တက်လာပြီး ရာသီဥတုမျှတကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။
