ဝါရှောင်(တိုးချဲ့) ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈-ခုနှစ်တွင် ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ကျရောက်နေသည့်  ဧရိယာအကျယ်အဝန်း(၃၈၉၂)ဧက ရှိသောနယ်မြေကို ဝါရှောင် (တိုးချဲ့)ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည်  တောင်တန်းဂေဟစနစ် ရေရှည်တည်တံ့စေရန်နှင့် စီမံအုပ်ချုပ်မှုပိုမိုကောင်းမွန်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝလာစေရန်၊ ရေအရင်းအမြစ်ဒေသများ ထိန်းသိမ်းကာကွယ်ရန်နှင့် ဒေသခံပြည်သူများအတွက် သစ်၊ တိုင်၊ မျော၊ ထင်းများအား စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

ဝါရှောင်(တိုးချဲ့)ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် တောင်ပေါ်အမြဲစိမ်းတော သစ်မျိုးများဖြစ်သည့် စကားဝါ၊ ခလောင်၊ ချယ်ရီ၊ ငါးပေါက်၊ ဆေးခါး၊ ယမနေ၊ တောင်တမာ၊ ယင်းမာ၊ ကညင်၊ မအူစသည့် ဒေသသစ်မျိုးများနှင့် ကရဝေး၊ ဆင်းတုံးမနွယ်၊ တောရှောက်၊ ကျားမှုတ်ဆိတ်၊ ကျားလက်ဝါး၊ ကျောက်ဂျင်းစသည့် ဆေးဘက်ဝင်အပင်များအား ထိန်းသိမ်းပြုစုနိုင်မည်ဖြစ်ခြင်း၊ မျောက်လွှဲကျော်၊ ဂျီ၊ ဆတ်၊ ဒရယ်နှင့် ကြက်တူရွေး၊ စွန်၊ သိန်းငှက်၊ အောင်လောင်စသော ကျေးငှက်မျိုးစုံများ၊ စပါးကြီး၊ စပါးအုန်း၊ သင်းခွေချပ်စသည့် ရှားပါးတောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသများကို ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ဒေသအခေါ်အင်ချွန်းတောင်ဧရိယာရှိ သဘာဝသစ်တောသစ်ပင်နှင့် ရေထွက်များ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ရေအရင်းအမြစ် ထိန်းသိမ်းမည့် ရေထိန်းတော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်နိုင်မည်ဖြစ်ခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး ရာသီဥတုမျှတကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။